![]()
နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်၏ ကာမီကာဇေကျရောက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့နံနက်အစောပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်တပ်၏ ကာမီကာဇေ အသေခံဒရုန်းနှစ်လုံး မင်းလက်ပံကျေးရွာသို့ ကျရောက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “တစ်လုံးက နှစ်ထပ်စာသင်ကျောင်းဆောင်မှာ ကျတာ။ တစ်လုံးက ဒီအိမ်မီးဖိုဆောင်မှာ ကျတာ။ လူတစ်ယောက်တော့ ထိတာပေါ့” ဟုဆိုသည်။
ဒရုန်းအစထိမှန်သွားသူသည် အသက် ၃၉ နှစ်အရွယ်ရှိသည့် မင်းလက်ပံ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။
ထိခိုက်သူမိသားစုဝင်တစ်ဦးက “သူက ထမင်းချက်နေတုန်း ထိတာ။ သူက ဒီမှာ အသားလုံးကြော်နေတာ။ သူ့အနာကို ၈ ချက်တော့ ချုပ်ရတယ်။ အိမ်နောက်ဖေးတစ်ခုလုံး ဘာမှ လုပ်မရတော့ဘူး” ဟု ပြောသည်။
ယမန်နေ့နံနက်တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများလည်း ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်တွင်လည်း စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင်နေသည့် အသက် ၄၀ နှစ်အရွယ် မင်းလက်ပံရွာသားတစ်ဦး နောက်ကျောကျည်ထိမှန်ခဲ့သည်။
ပုံစာ – ကာမီကာဇေ ကျရောက်ပေါက်ကွဲမှုကြောင့် လက်ထိသွားသည့် မင်းလက်ပံဒေသခံ (ဓာတ်ပုံ – ပန်ပန်)
#မင်းလက်ပံ #ကာမီကာဇေကျရောက် #ဒေသခံထိခိုက်မှုရှိ #ThanLwinKhetNews
