ကောင်းချစ်အောင်
ဧပြီ ၂၆၊ ၂၀၂၃။
အာဏာသိမ်းကာလအတွင်း၌ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားကာ တစ်နိုင်ငံလုံးအနှံ့ရှိပြည်သူများ၏ ပိုင်ဆိုင်မှုပေါင်း ၇၀၀ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် အာဏာစသိမ်းချိန်မှစ၍ ယခုနှစ် မတ်လ ၃၁ရက်အထိ ၂၆လ ကာလအတွင်းနေအိမ်၊ အဆောက်အဦး၊ အကြီးစားပစ္စည်း စသည့်ရွှေ့ပြောင်းမရသည့် ပိုင်ဆိုင်မှုအရေအတွက် ၇၅၁ ခု ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါချိတ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် အရပ်သား ၆၃၆ဦး၏ ပိုင်ဆိုင်မှုများဖြစ်ပြီး ၃၀၀ခန့်မှာ လွှတ်တော်အမတ်များ၊ NLDပါတီဝင်များနှင့် ပါတီကိုထောက်ခံသူများဖြစ်သည်ဟုဆိုသည်။
NLDပါတီဝင်များကို ဖမ်းဆီးပြီး နေအိမ်များကို ချိတ်ပိတ်မှုများဆောင်ရွက်နေခြင်းသည် ပါတီကိုဦးတည်ပြီးချေမှုန်းနေခြင်းဖြစ်သည်ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဘိုဘိုဦးကပြောသည်။
၎င်းက“ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကိုရထားတဲ့ပါတီကို သိစိတ်ကရော မသိစိတ်ကရော မုန်းတီးနေတာအဲဒါကြောင့်ခုလိုမျိုး ချေမှုန်းမှုတွေ လုပ်ဆောင်နေတာ“ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ မတ်လ၂၉ရက်ထုတ်ပြန်ချက်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင် ၃၇၁ဦး၏ နေအိမ်များချိတ်ပိတ်ခံထားရသည်ဟု ဖော်ပြထားသည်။
ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုထောက်ပံ့မှုများပြုလုပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ချိတ်ပိတ်သိမ်းဆည်းမှုပေါင်း ၁၁၀ခုရှိသည်ဟု AAPPကဆိုသည်။
“အိမ်ချိတ်ပိတ်ခံလိုက်ရတာ နှစ်နှစ်ကျော်သွားပြီ တစ်နေရာမှာ ပြောင်းရှောင်နေရတယ် ။ ဒါပေမယ့် တတ်နိုင်သလောက် တော်လှန်ရေးအတွက် ဆက်ထောက်ပံ့နေတုန်းပါပဲ“ဟု CDM ဝန်ထမ်းများကို ထောက်ပံ့သည်ဟူသည့်စွဲချက်ဖြင့် နေအိမ်ချိတ်ပိတ်ခံရသူ ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကဆိုသည်။
စစ်ကောင်စီချိတ်ပိတ်ခဲ့ရာတွင် အိမ်နှင့်တိုက်ခန်း ၆၄၁ခု၊ စာသင်ကျောင်း ၅ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၀ခု၊ ဆိုင်ပေါင်း ၄၂ဆိုင်တို့အပြင် ဘာသာရေးအဆောက်အဦးနှစ်ခုတို့ပါဝင်ပြီး ငွေကြေး၊ အဖိုးတန်ရတနာပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ စသည့် ရွှေ့ပြောင်းရနိုင်သည့်ပစ္စည်းများကိုပါ စစ်ကောင်စီက တပါတည်းသိမ်းဆည်းမှုများလုပ်ဆောင်သည်ဟု သိရသည်။
ပုံစာ– NLDပါတီဝင် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို ချိတ်ပိတ်ခံရမှု။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/842
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3862
Website ->https://eng.thanlwinkhet.net