သံလွင်ခက်။
ဧပြီ ၂၆၊ ၂၀၂၃။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်ရှိသော လုံဂျာတောင်ပေါ်ရှိ တောင်ယာလုပ်ငန်းသို့ သွားသည့် အဘိုးအိုတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ဒေသခံများကပြောသည်။
ဝဝမ်ကျေးရွာက အသက် ၈၀ အရွယ် ဦးမိတုန် လဂျာ (ခေါ်) ဦးယိန်းဘောမ်သည် ယခုလ ၁၉ ရက်နေ့က ၎င်း၏တောင်ယာသို့ ကျောက်ဂျင်းဖော်ရန် သွားပြီးနောက် ယနေ့အချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးလျှက်ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ပြီးခဲ့တဲ့ရက် လက်နက်ကြီးတွေ ဗုံးတွေ မပစ်ခင်ကတည်းက သူတက်သွားတာ။ ရှာတာ ဘာအစအနမှ မတွေ့ဘူး။ စစ်ကောင်စီတပ်ကတွေလို့ပဲ ခေါ်ထားတာလား၊ ဗုံးထိပြီး သေသွားလားဆိုတာတော့ ခုချိန်ထိ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လုံဂျာတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများရှိသည်ဟု၎င်းက ဆက်ပြောသည်။
ဦး မိတုန် လဂျာသည် ယခင်ကလည်း တောင်ယာသို့ မကြာခဏ သွားရောက်လေ့ရှိသူဖြစ်ပြီး ၎င်းတက်သွားပြီးနောက် တောင်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရသည်ဟု ရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဧပြီလ ၂၀ ရက်နေ့နံနက်က လုံဂျာတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်လွတ်မြောက်ရေးတပ် KIA ရှိရာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်နေရာခွဲခန့်ကြာ ပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဝဝမ်ကျေးရွာသည် မိုးမောက်မြို့၏ အရှေ့ဘက် တစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တပ်စွဲထားသည့် လုံဂျာတောင်ခြေတွင်ရှိသည့် ကျေးရွာဖြစ်သည်။
ပုံစာ-(လုံဂျာတောင်မြင်ကွင်း/ပုံဟောင်း )
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/843
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3866
Website ->https://eng.thanlwinkhet.net