ယမင်းဖူးပွင့်အောင်
ဧပြီ ၂၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကိုထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာသည်ဟု ဒေသခံများက ပြောသည်။
ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာအနီးတွင် ယနေ့နံနက်က ရုပ်အလောင်းနှစ်ခုနှင့် မြို့အနီးတွင် ရုပ်အလောင်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ သည်ဟုဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည်ယမန်နေ့ညက မြို့ပေါ်သို့ ပြန်ဝင်သွားပြီးနောက် ယနေ့နံနက်တွင် ရုပ်အလောင်းများကိုထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Salingyi Border Task Force-SBTF မှတာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“မနေ့ကညနေပိုင်းလောက်မှာ ဖြစ်သွားတာ ဖြစ်နိုင်တယ်။ပုဆိုးဝတ်နဲ့လို့ပြောတယ်။ ဆားလင်းကြီးကတော့မဟုတ်ဘူး။ မုံရွာဘက်ကဖမ်းလာတဲ့သူတွေထဲကပဲလို့ယူဆရတယ်” ဟု ၎င်းကပြောသည်။
ထိုစစ်ကြောင်းတွင် ပုလဲမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးမည့် ကွန်မန်ဒိုတပ်သား သုံးဆယ်ခန့်ပါရှိပြီး လက်ရှိ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၁၀၀ ကျော်ခန့်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ယမန်နေ့ကလည်း မြိုင်ဒေသခံတစ်ဦးအပါအဝင် မုံရွာဘက်မှ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံသုံးဦးကို ပစ်ခဲ့သည်ဟုသေဆုံးသည့် အလောင်းများကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောဆိုထားသည်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရွာပေါင်း ၁၅ ရွာရှိ ဒေသခံပြည်သူ တစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အချို့မှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။
ပုံစာ-(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမြင်ကွင်း/ပုံဟောင်း)
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/838
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3856
Website ->https://eng.thanlwinkhet.net