နန်းဆုပန်ခန့်
ဧပြီ ၂၆ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ နို့ဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးရဲဘော်နှင့်ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ နို့ဖိုးကျေးရွာကို ယမန်နေ့ညနေ၄ နာရီကျော်အချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့သောကြောင့်ကာကွယ်ရေးရဲဘော် ၂ဦးနှင့် ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရုတ်တရက်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် တောင်ယာတွင်အလုပ်လုပ်နေသည့်ဒေသခံအမျိုးသမီး၂ဦးဒဏ်ရာရရှိခဲ့သည်။
“ ထိခိုက်ဒဏ်ရာရတဲ့ အသက်၄၉ နှစ်အရွယ် အမိုးတစ်ယောက်ကတော့ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ပါတယ်။ ညာဖက်ပခုံးထိသွားတယ်၊ ညပ်ရိုး၊ လက်မောင်းရိုးကျိုးသွားတယ်၊ အသားတွေပါစုတ်ပြတ်သတ်သွားတယ်၊ သူ့ကိုဒီနေ့မနက်မှာပဲ ဟိုဘက်ကမ်းကိုပို့လိုက်ရတယ် ” ဟု ဆေးကုသမှုပေးနေသည့် ဆရာဝန်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ကျန်ဒဏ်ရာရရှိသူသုံးဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အမိုး၏သမီးဖြစ်သူနှင့် ကျားသစ်နက်စစ်ကြောင်းမှကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ဒဏ်ရာအခြေအနေမစိုးရိမ်ရဟု ဆေးကုသမှုပေးနေသည့် ဆရာဝန်ကပြောသည်။
နို့ဖိုးကျေးရွာအနီးတဝိုက်ကို ယခုလဧပြီ၂၄ရက် တွင်လည်း စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း၌ ပြည်သူများထိခိုက်မှုမရှိခဲ့ဟု သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယခုလတတိယအပတ်တွင်း၌ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများကိုလည်း မကြာခဏပြုလုပ်နေသည်ဟု စစ်ကြောင်းများထံမှသိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံများပါရှိနေပြီး အဆိုပါဓာတ်ပုံများကိုသံလွင်ခက်၏ တယ်လီဂရမ်နှင့်ဝက်ဘ်ဆိုက်တို့တွင်ကြည့်ရှု့နိုင်သည်။
ပုံ– crd
ပုံစာ– စစ်ကောင်စီလေယာဉ်ပစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသည့်ဒေသခံများ
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/837
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3853
Website ->https://eng.thanlwinkhet.net