နန်းဆုပန်ခန့်
ဧပြီ ၂၅ ၊ ၂၀၂၃ ။
အိမ်ခြေ ၄၀၀ကျော်ရှိသည့် ပလောတပို့စစ်ရှောင်စခန်းတွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုတို့ကြောင့် အိမ်ခြေ၃၀၀ ခန့်ပျက်စီးခဲ့ပြီး စစ်ရှောင်များနေထိုင်ရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ထိုင်း–မြန်မာနယ်စပ်သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပို့စစ်ရှောင်စခန်းတွင် ဧပြီ ၂၃ ရက်ညနေပိုင်း၌ မိုးလေကျရောက်မှုကြောင့် စစ်ရှောင်နေအိမ်များ အမိုးအကာများပျက်စီးခဲ့သည်။
အဆိုပါစစ်ရှောင်စခန်းတွင် လူဦးရေ၁၀၀၀ ဝန်းကျင်ထိခိုလှုံနေကြပြီး လက်ရှိတွင် လူဦးရေထက်ဝက်ခန့်အတွက်နေထိုင်စရာအရးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။
၎င်းက ” တစ်ဝက်စာလောက်ပဲ ပြင်လို့အဆင်ပြေမှာ။ တစ်ဝက်စာလောက်ကလုံးလုံးအဆင်မပြေဘူး၊၊အလုံး၁၀၀လောက်ဆောက်နိုင်ရင်ကောင်းမယ်။ အမိုးအကာတွေက ပြန်ပြင်ဖို့လိုတယ်၊၊ အမိုးပြန်ပြင်ဖို့ဖက်ဖိုးတို့တာလပတ်ဖိုးတို့လိုအပ်တယ်၊၊ မိုးကြီးကြီးသာလာရင်တော့တော်တော်အခက်အခဲဖြစ်မယ်၊၊ မိုးအမှီပြင်ဖို့လိုတယ် ” ဟု ပြောသည်။
စစ်ရှောင်အိမ်များသည် ယမန်နှစ်တွင် ဆောက်ထားခြင်းဖြစ်ပြီး အမိုးအကာများပြန်ပြင်ရန်လိုအပ်နေသည့်အခြေအနေ၌ လေတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသည့်နေအိမ်များပင်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ရက်တွင်စတင်ဖြစ်ပွားခဲ့သော လေးကေ့ကော်မြို့သစ်တိုက်ပွဲများကြောင့်လေးကေ့ကော်မြို့သစ်အပါအဝင် အနီးအနားကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၃သောင်းနီးပါးထိစစ်ရှောင်ခဲ့ကြရသည်။
လက်ရှိတွင် အခြားကျေးရွာများမှဒေသခံများမှာ နေရပ်အသီးသီးပြန်နေကြပြီး ဖြစ်သော်လည်း လေးကေ့ကော်မြို့သစ်ရှိ ဒေသခံအများစုမှာ ပလောတပို့စစ်ရှောင်စခန်း၌ ခိုလှုံနေရဆဲဖြစ်သည်။
လေးကေ့ကော်မြို့သစ်ရှိ စစ်ဘေးရှောင်များသည် ၁၆ လကျော်ကြာလာသည့်အထိ နေရပ်မပြန်နိုင်သေးသည့်အပြင် ပြီးခဲ့သော မတ်လ ၂၅ ရက်တွင် မြဝတီမြို့အနီး၌ ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် မဲကနယ်၊ ဝှေ့ရှမ်း၊ ထီးဝါ့ဘလောမှ ဒေသခံ ၁၀၀ ကျော်တို့သည် ပလောတပို့ စစ်ရှောင်စခန်း၌ လာရောက်ခိုလှုံနေကြရသည်။
ကရင်ပြည်နယ်အပါအဝင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း၌ လက်ရှိအာဏာသိမ်းကာလအတွင်းဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံ ၅သိန်းဝန်းကျင်ထိ နေရပ်စွန့်ခွာရှောင်တိမ်းနေကြရသည်ဟု ကေအဲန်ယူဗဟိုကဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/819
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3826
Website ->https://eng.thanlwinkhet.net