သဇင်
ဧပြီ ၂၅၊၂၀၂၃။
မကွေးတိုင်း၊ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း မြိုင်မြို့နယ်စပ်ကြားက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲတွင် လေကြောင်းသုံးပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ဧပြီလ ၂၂ရက်မှ ယနေ့ထိ လေးရက်အတွင်း တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလည်းရှိသည်ဟု မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ရာကပြောသည်။
“မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ အရင်ဝဲတယ်။နောက်တစ်ခါ Mi 35 (စစ်ဘက်ဆိုင်ရာတိုက်ခိုက်ရေးရဟတ်ယာဉ်)နဲ့ နာရီဝက်လောက်ဝဲပြီးတော့ ပစ်တာ။ပစ်တာက ကျွန်တော်တို့ ရှိတဲ့နေရာတွေကျတာမဟုတ်တော့ ထိခိုက်တာမရှိဘူးဗျ။“ဟု ၎င်းကပြောသည်။
လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးခန့်သေဆုံးကာ (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဧပြီလ ၂၄ရက် နေ့လည်ပိုင်းတွင် လေကြောင်းပစ်ကူသုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ထိခိုက်ကျဆုံးမှုအရေအတွက်မှာ အတည်ပြုနိုင်သောအရေအတွက်သာဖြစ်ပြီး လက်ရှိမြေပြင်တွင်ထိခိုက်ကျဆုံးမှုပိုများနိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ထို့ပြင်ဧပြီလ ၂၄ ရက်နေ့၊ ညနေ ၃နာရီ ကျော်တွင်လည်း မြိုင်မြို့နယ် ဇီးပြားရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်ပစ်ခဲ့သည်ဟု မြိုင်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
“လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချက်ရေ (၄၀) ကျော်လောက်ပစ်ခဲ့တာ။သူတို့ဘက်က ထိခိုက်တာရှိတယ်။ကျဆုံးမှုအရေတွက်တော့ အတည်မပြုနိုင်လိုက်ဘူး“ဟု ၎င်းကဆိုသည်။
လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းသုံးတိုက်မှု ကြောင့် ကျေးလက်ဆေးပေးခန်းနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၇ရက်နေ့ကလည်း မြိုင်မြို့နယ် ဖလံကိုင်းကျေးရွာမှ ဒေသခံများရေစည်လှည်းများကို ခွင့်တောင်းခြင်းမရှိ ကန်ရေများသယ်ယူနေစဉ် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့များက Drone ဖြင့်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ဒဏ်ရာရကာ (၁) ဦးသေဆုံးခဲ့သည်။
ပုံစာ–လေကြောင်းသုံးတိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့န ယ် မန်ကျည်းကန်ရွာမှ ဆေးပေးခန်းမြင်ကွင်း။
Photo-နွေဦးတော်လှန်ရေး မြိုင်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/815
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3820
Website ->https://eng.thanlwinkhet.net