ယမင်းဖူးပွင့်အောင်
ဧပြီ ၂၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့သောကြောင့် ပြည်သူလေးဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံခြောက်ဦးထဲမှ သုံးဦးကို မန်ကျည်းတန်းရွာအနီးလယ်ကွင်းပြင်တစ်ခုတွင် ပစ်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“လယ်ကွင်းတွေကြားထဲမှာ ပစ်သွားတာ။ မုံရွာဘက်က ပါလာတဲ့ ဓားစာခံတွေလို့ကြားတယ်” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာဘက်ခြမ်းမှနေ၍ အလယ်ဆိပ်သို့ မော်တော်များဖြင့် ကမ်းကပ်လာပြီးဆားလင်းကြီးကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် မုံရွာမြို့မှ လိုင်စင်သက်တမ်းတိုး၍ ဆိုင်ကယ်နှင့်ပြန်လာသော မြိုင်ဒေသခံအမျိုးသားတစ်ဦးသည် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ အပစ်ခံခဲ့ရသည်ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဗိုက်မှာ ဓားဒဏ်ရာတွေလည်းရှိတယ်။ ဒူးခေါင်းမှာ သေနတ်ဒဏ်ရာလည်းတွေ့တယ်” ဟု၎င်းကပြောသည်။
အဆိုပါ အင်အား၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် ရေခါးရွာအနီးစစ်ကြောင်းထိုးဝင်ရောက်နေပြီး အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူ တစ်ထောင်ခန့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
ဧပြီလ ၁ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဘိုသရက်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးပြီး ပြန်ထွက်ချိန်တွင်မြင်းညှာဘွားရွာသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူများအပါအဝင် ပြည်သူ၃၁၉၄ ဉီးသေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ–စစ်ဘေးရှောင်နေသည့် ဆားလင်းကြီးဒေသခံများမြင်ကွင်း။
Photo-Crd
(ယခု သတင်းတွင် စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းဓာတ်ပုံများပါရှိပြီး တယ်လီဂရန်နှင့် ဝက်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိင်ပါသည်။)
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/804
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3809
Website ->https://eng.thanlwinkhet.net