သံလွင်ခက်။
ဧပြီ ၂၅၊ ၂၀၂၃။
ခွဲကဘောင် ကရင်အမျိုးသားကျောင်း တည်ထောင်သူ ဆရာကြီး မန်းဗလရှင် (ခ) မန်းဗလစိန် (ခ) ဖူ့ခွဲကဘောင်၏ နာရေးကို ယနေ့ ဧပြီ ၂၅ရက်နေ့က မဲဆောက်မြို့ မြူနီစပယ် သုဿန်တွင် ပြုလုပ်ခဲ့သည်။
အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး မန်းဗလစိန်သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက် ညနေ ၄ နာရီ ၄၂ မိနစ်အချိန်တွင် မဲဆောက်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့သိမ်းဟိကျေးရွာဇာတိသား မန်းဗလစိန်သည် ရွေ့ပြောင်းမြန်မာများ၏ သားသမီးများကို ပညာသင်ကြားပေးနေသည့် သက်တမ်း ၃၈ နှစ်ရှိ ခွဲကဘောင် ကရင်အမျိုးသားကျောင်းကို စတင်တည်သူ ကရင်အမျိုးသား နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။
မန်းဗလစိန် ထားရှိခဲ့သည့် အမွေနှစ်များအပါအဝင် အကောင်ထည်ဖော်လိုသည့်အရာမျိုးကို မျိူးဆက်များ အားလုံးဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်သွားမည်ဟု မြန်မာ ရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး အကြံပေး မန်းရွှေနှင်းက ပြောသည်။
၎င်းက ” အဖိုးချမှတ်ခဲ့တဲ့ အဖိုးသွားချင်ခဲ့တဲ့ အဖိုးမြင်ချင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားရေးပုံရိပ်တွေ ရိုးရာဓလေ့ထုံးထမ်းအစဉ်လာ ယဉ်ကျေးမှု ပုံရိပ်တွေ၊ နိုင်ငံရပ်ခြားကိုရောက်လာကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး၏ အတိဒုက္ခတွေကို ဘယ်လိုထိန်းပြီးတော့ ဘယ်လိုကာကွယ်သွားဖို့၊ လူနေမှုစနစ်ကအစ ပိုပြီးကောင်းမွန်လာအောင် ဘယ်လိုဝိုင်းဝန်းတည်ဆောင်ကြမယ်ဆိုတဲ့ အသိမြင်တွေအများကြီးရခဲ့တယ်။ အဲ့ဒီအများကြီးရတာနဲ့အတူ အဖိုး ထားခဲ့တဲ့အမွေနှစ်တွေကို တန်းဖိုးရှိရှိ ကျွန်တော်အပါအဝင် မျိုးဆက်တွေ အားလုံး ဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်ဖို့လိုတယ် ” ဟုဆိုသည်။
မန်းဗလစိန်သည် ၁၉၈၄ ခုနှစ်တွင် ကရင်လူငယ်များ၏ ပညာရေးအတွက် ကိုယ်ထူကိုယ်စနစ်ဖြင့် ခွဲကဘောင်ကျောင်းကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကုန်ပိုင်းတွင် ပင်လယ်ရပ်ခြား ကရင်အမျိုးသားအဖွဲ့အစည်း Overseas Karen Organization O.K.O ၌ ဗဟိုအလုပ်အမှု့ဆောင်တစ်ဦးလည်းဖြစ်သည်။
ထို့ပြင် ရွှေ့ပြောင်းဒေသ ပညာရေးလုပ်ငန်းများကိုလည်း မိတ်ဖက်ကျောင်းများနှင့်အတူ ၁၉၉၉ ခုနှစ်တွင် ရွှေပြောင်းပညာရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင်၊ ၂၀၀၀ခုနှစ်တွင် မြန်မာ့ရွှေ့ပြောင်းဒေသ အလုပ်သမားများပညာရေးကော်မတီ ( BMWEC ) ဒုဥက္ကဌ ၊ ၂၀၀၅ ခုနှစ်တွင် မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများ အစည်းအရုံး ( BMTA ) ၏ အကြံပေးအဖွဲ့ဝင် မကွယ်လွန်မှီအချိန်ထိ မြန်မာ့ရွှေ့ပြောင်းဒေသ အလုပ်သမားများပညာရေးကော်မတီ ( BMWEC )၏ အကြံပေးနာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သည်။
ယနေ့ ပြုလုပ်သည့် နာရေးသို့ ကရင်အမျိုးသားအစည်းအရုံးKNU ဥက္ကဌ စောမူတူးစေဖိုးက လွမ်းသူ့ပန်းခွေပေးပို့ခဲ့ပြီး ပင်လယ်ရပ်ခြားကရင်အမျိုးသားများအဖွဲ့အစည်း၊BMWEC မြန်မာ့ရွှေ့ပြောင်းပညာရေးကော်မတီ၊ မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံးအပြင် အဖွဲ့စည်းအသီးသီးမှ ဝမ်းနည်းကြောင်း သ၀ဏ်လွှာများပေးပို့ခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက်
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/803
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3806
Website ->https://eng.thanlwinkhet.net