သံလွင်ခက်။
ဧပြီ ၂၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်တွင် သုံးနာရီခွဲခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့်ရှိသူနှင့် တပ်သား ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သေဆုံးပဲဆိုရင် ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထိခိုက်တာတွေ ပါမယ်ဆိုရင် ၄၀ ကျော်တယ်။ မနေ့က သေဆုံးတဲ့ ဗိုလ်မှူးအဆင့်နဲ့ ဒဏ်ရာရတဲ့သူတွေကို Mi 35 ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၁၂၀ ဦးခန့်ရှိပြီး ထီးချိုင့်မြို့နယ် ညောင်ပင်သာကျေးရွာမှ ဖုန်ကုန်းကျေးရွာသို့ စစ်ရေးလှုပ်ရှားခဲ့ခြင်းဖြစ်ကာ ယမန်နေ့နံနက်က ဖုန်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ခြောက်ကြိမ်တိုင် လာရောက် တိုက်ခတ်ခဲ့သည်ဟု အခြားမြေပြင်ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထီးချိုင့်မြို့အနောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ဖုန်ကုန်းကျေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
လတ်တလောတွင် ထီးချိုင့်မြို့နယ်၊ တောမကျေးရွာ၊ ဖုန်ကုန်းကျေးရွာ၊ မရသိမ်ကျေးရွာနှင့် ဝဲကြီးကျေးရွာအပါအဝင် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံပြည်သူ နှစ်ထောင်ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ တစ်ပတ် ခန့် ရှိပြီဖြစ်သည်။
ပုံစာ-(စစ်ကောင်စီစစ်ကြောင်းထိုးနေသည့်မြင်ကွင်း/ ပုံဟောင်း)
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/800
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3801
Website ->https://eng.thanlwinkhet.net