![]()
သျှင်မြတ်ဖြူ
တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်တွင် ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေများပြားလာသောကြောင့် အရပ်သားများအတွက် Safe Zone များ သတ်မှတ်ပေးရန် ရခိုင်လူထုက တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂ (UN)ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ) အထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူ စစ်ဘေးရှောင်ဦးရေ (၆) သိန်းကျော်အထိရှိလာသည်ဟု ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် အဆိုပါ အရပ်သားများဘေးကင်းလုံခြုံရေးအတွက် ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုကောင်းကျော်ဇံက “စစ်ဘေးရှောင်လာရပြီဆိုကတည်းက ကိုယ့်နေရာက မလုံခြုံလို့ပဲ။ စစ်ရှောင်တဲ့နေရာတွေမှာရော လုံခြုံရဲ့လားဆိုရင် စစ်ကောင်စီက နေရာရွေးပြီး စစ်ဆင်ရေးလုပ်နေတာ မဟုတ်တော့ အရပ်သားတွေနေတဲ့နေရာတွေ ပိုထိတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ULA/AA ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားတွေနေတဲ့နေရာကို တည်နေရာနဲ့တကွ နိုင်ငံတကာသိအောင် ကြေညာထားဖို့လိုအပ်တယ်။ ဒါက အရပ်သားစစ်ရှောင်နေရာ စစ်ရေးပစ်မှတ်မဟုတ်ဘူး Safe Zone အဖြစ် သတ်မှတ်ပေးပါဆိုတာမျိုး ရှိသင့်ပြီ။ ဒီအချိန်က နိုင်ငံတကာကို Advocate လုပ်ဖို့ အကောင်းဆုံးအချိန်ပဲ” ဟု ပြောသည်။
အာရက္ခတပ်တော်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ဒီဇင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်အရ အာရက္ခဒေသတွင် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၁,၀၀၅ ဦး သေဆုံးပြီး ၂,၁၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃၅ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
“နိုင်ငံတကာကို အကူအညီဘာတောင်းချင်လဲဆိုရင်တော့ အရပ်သားစစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာ၊ ဆေးကုတဲ့နေရာ၊ စာသင်တဲ့နေရာတွေကို Safe Zone အဖြစ် ကြေညာပေးပါ။ Camp တွေကို IDPs စာရင်းသွင်းပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပါ” ဟု အသက် ၃၀ အရွယ် ကျောက်တော်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက တောင်းဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပြင် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသောကြောင့် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။
“စစ်ဆင်ရေးကိစ္စတွေမှာ ဒုက္ခရောက်ကြတဲ့ အရပ်သားတွေရဲ့ အာဟာရပြည့်ဝစွာ မစားရတဲ့ကိစ္စ၊ ဆေးဝါးမလုံလောက်တဲ့ကိစ္စ၊ ရေမသန့်ရှင်းတဲ့ကိစ္စတွေအပြင် လက်နက်ကြီးတွေ ဒရုန်းဗုံးတွေကြောင့် ထပ်သေနေရတဲ့ အခြေအနေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း ကမ္ဘာကသိသင့်ပါပြီ” ဟု အဆိုပါ စစ်ဘေးရှောင်ရခိုင်ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်ခဲ့သော UN ၏ ထုတ်ပြန်ချက်တွင် ပဋိပက္ခများဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်း၌ အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
ပုံစာ – စစ်ဘေးရှောင်စခန်းများမှ ရခိုင်ပြည်သူများ
