![]()
မန္တလေး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထက်မြတ်အောင်သည် ယနေ့ဒီဇင်ဘာ ၁၇ ရက်တွင် စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ကိုထက်မြက်အောင် ဖမ်းဆီးခံရမှုအပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနိုင်းရေးအင်အားစု-GSCB၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC-MDY) နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အရေးပေါ်ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရချိန်တွင် ပြင်းထန်သော အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့သည့်အပြင် အသက်အန္တရာယ်အတွက်လည်း အလွန်စိုးရိမ်ပူပန်နေရသည့်အနေအထားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အသက်၂၄နှစ်အရွယ် ကိုထက်မြတ်အောင်သည် (ရ.တ.က.သ) ၏ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး AFCC-MDY နှင့် GSCB တို့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
နဂိုက ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်ပြီးဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက စစ်အုပ်စုက လုံးဝတာဝန်ယူ၊ တာဝန်ခံရမည်ဟု ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ မန္တလေးတွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့ပါဝင်ပြီး စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန်နှင့် ဒီဇင်ဘာလ ၁၀ ရက် လူအခွင့်အရေးနေ့တွင် အသံတိတ်သပိတ်ပူးပေါင်းပါဝင်ရန် လူထုကို နှိုးဆော် ဆန္ဒပြုခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းအပေါ် ကိုထက်မြက်အောင်၊ ဒေါက်တာတေဇာဆန်းအပါအဝင် ၁၀ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေပုဒ်မ ၂၃ (ခ) နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ချမ်းအေးသာစံ အမှတ် (၆) နယ်မြေရဲစခန်းတွင် စစ်အုပ်စုက အမှုဖွင့်အရေးယူခဲ့သည်။
ထိုသို့ စစ်အုပ်စုက ကျောင်းသားသပိတ်ခေါင်းဆောင်များ၊ နာမည်ကျော်အနုပညာရှင်များအပါအဝင် ပြည်သူအများအပြားကိုလည်း ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မများတပ်၍ ဖမ်းဆီးအရေးယူလျက်ရှိသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်ရန် ရက်ပိုင်းသာ လိုတော့သည့်အချိန် မန္တလေး၌လည်း ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
#မန္တလေးသပိတ်ခေါင်းဆောင် #အဖမ်းခံရ #အသက်အန္တရာယ်စိုးရိမ်ရ #ThanLwinKhetNews
