![]()
ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရပြီး ရွာသားအချို့ကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုရန် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တပ်မ (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းသည် ဖိုးဝါးသိမ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု KNU က ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ ရရှိထားသော ဒဏ်ရာဖြင့် ရှမ်းစုကျေးရွာ ပြန်အရောက်တွင် ထပ်မံသေဆုံးသွားခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်တပ်စစ်ကြောင်းသည် ဝါးဖြူကုန်းကျေးရွာမှတစ်ဆင့် ဖိုးဝါးသိမ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ရစ်သည့် ရွာသားများအား ဖမ်းဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးထားသူများကို ဘုရားကုန်းဘုန်းကြီးကျောင်းတွင် လူသားဒိုင်းအဖြစ်အသုံးပြုကာ တစ်ညအိပ်တပ်စွဲခဲ့ကာ နောက်တစ်နေ့ စစ်ကြောင်းပြန်ထွက်ချိန်တွင် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းကြောင့် ဒေသခံရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု KNU က အသိပေးထားသည်။
Photo – KNU
#စစ်တပ် #လက်နက်ကြီး #ကျိုက်ထို #လူသားဒိုင်း #ThanLwinKhetNews
