![]()
ITJ08
ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်တွင် လေးကေ့ကော် စစ်ဘေးရှောင်များ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်မှာ လေးနှစ်ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများက သံလွင်ခက်ကို ပြောသည်။
လေးကေ့ကော်မြို့၏ အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များမှာ နယ်စပ်ဒေသတစ်ဝိုက်တွင် ခိုလှုံနေရဆဲဖြစ်သည်။
“လမ်းမကြီးမှာလည်း ပိတ်တဲ့အခါကျတော့ ကုန်စည်စီးဆင်းမှုက အဆင်မပြေဘူး။ ဒီမှာ ကမ့် (Camp) ထဲမှာ ဥပမာ- ရောင်းဝယ်တဲ့ ဈေးဆိုင်လေး ဖွင့်တဲ့လူကလည်း ဈေးဝယ်ဖို့က ဒီအင်ကြင်းမြိုင်မှာ ပိတ်တဲ့အခါကျတော့ မြဝတီမှာ သွားဝယ်ဖို့က အဆင်မပြေဘူး။ အဲဒီအခါကျတော့ ကုန်ဈေးနှုန်းတွေက မြင့်တက်လာတယ်” ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်နော်ဖောလွဲက ဆိုသည်။

စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် လေးကေ့ကော်မြို့အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာမှစ၍ KNU/KNLA နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လေးကေ့ကော်မြို့တစ်ဝိုက်ရှိ ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။
“အခက်အခဲအမျိုးမျိုး ရှိတာပေါ့နော်။ အခုလက်ရှိမှာ အခြေခံစားနပ်ရိက္ခာတွေ အဓိက လိုအပ်နေတယ်။ ကျွန်မတို့တော့ တတ်နိုင်သလောက် အလှူရှင်တွေနဲ့ ချိတ်ဆက်ကူညီပေးနေပါတယ်” ဟု လေးကေ့ကော် စစ်ဘေးရှောင်အရေးကူညီသူ နော်ရီရီဝင်းက ပြောသည်။

စစ်ဘေးရှောင်နေသူ အများစုသည် တောင်ယာနှင့် လယ်ယာလုပ်ကိုင်ကြသူများ ဖြစ်သောကြောင့် လက်ရှိတွင် အလုပ်လက်မဲ့ ဖြစ်နေကြပြီး ပြင်ပအလှူရှင်များ၏ အကူအညီ အထောက်အပံ့ကိုသာ အားထားနေရခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
“ဒီနှစ်က ခါတိုင်းနှစ်တွေနဲ့ မတူတာက ဒီတစ်ခါ စစ်ဘေးရှောင်လာရတာက ဖလူး၊ မင်းလက်ပံ၊ လေးကေ့ကော်က လူတွေသာမကဘဲ ရွှေ့ပြောင်းလုပ်သားတွေပါ ကျွန်မတို့စခန်းထဲကို ရောက်လာတော့ အိမ်ထောင်စုလည်း ပိုများလာတယ်။ စစ်ရှောင်တွေလည်း ပိုများလာတယ်။ ပိုများလာတာနဲ့အမျှ စားနပ်ရိက္ခာက ပိုအခက်အခဲ ဖြစ်လာတယ်” ဟု ပလောတပို့ စစ်ရှောင်စခန်းတာဝန်ခံ နော်ဖောလွဲက ရှင်းပြသည်။
ပြီးခဲ့သည့် အောက်တိုဘာမှစတင်ကာ မြဝတီ-ဝေါလေလမ်းပိုင်းအား ပြန်လည်ရယူရန် ကြိုးစားလာသောကြောင့် အဆိုပါဒေသအတွင်းရှိ လေးကေ့ကော်၊ ရသေ့ဂူ၊ မယ်ဝါးခီး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးအပါအဝင် ကျေးရွာများမှ ပြည်သူပေါင်း ၆၀၀၀ ကျော်မှ စစ်ဘေးရှောင်များအပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေခဲ့ရသည်။

ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်မှာ ၁.၂ သန်းကျော်ရှိပြီး ယင်းတို့အနက် ၇ သောင်းကျော်သည် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ အချက်အလက်များအရ သိရသည်။
ပုံစာ – ၂၀၂၅ စက်တင်ဘာလတိုက်ပွဲများကြောင့် ဒေသခံများ ပြန်လည်စစ်ဘေးရှောင်ရစဉ်
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
