![]()
ကရင်ပြည်နယ်၊ မင်းလက်ပံဒေသရှိ ကျားဖြန့်လုပ်ငန်းများရှိရာ Shunda Park ခြံဝင်းအတွင်းမှ လုပ်သားများအားလုံး ထွက်ခွာသွားပြီဖြစ်၍ ၎င်းနေရာကို ကော်သူးလေတရားရေးစနစ်နှင့်အညီ ချိတ်ပိတ်သိမ်းဆည်းလိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဒီဇင်ဘာ ၁၇) ထုတ်ပြန်ခဲ့သည်။


KNU ဗဟို၏ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုအဖွဲ့က ထုတ်ပြန်သော အဆိုပါထုတ်ပြန်ချက်တွင် Shunda Park နေရာအား ရာဇဝတ်လုပ်ငန်းများအတွက် ပြန်လည်အသုံးပြုခြင်းကို လုံးဝလက်ခံမည်မဟုတ်ဘဲ အနာဂတ်တွင် နည်းပညာနှင့် ဥပဒေရေးရာ အဆင့်မြင့်ပညာရေးဌာနတစ်ခုအဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ဖော်ပြပါရှိသည်။
KNU အနေဖြင့် နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၃ပတ်ကျော်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် Shunda Park အတွင်းမှ ကျားဖြန့်လုပ်သား တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
သို့သော် စစ်အုပ်စုသည် အဆိုပါနေရာနှင့် ပတ်ဝန်းကျင်ကို စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်နေသည့်အပြင် လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြုကာ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် လုံခြုံရေးအခြေအနေမှာ အလွန်ဆိုးရွားလျက်ရှိကြောင်း KNU က ဆိုသည်။ စစ်အုပ်စု၏ တိုက်ခိုက်မှုများသည် KNU တပ်ဖွဲ့ဝင်များကိုသာမက Shunda Park နေရာ၊ စစ်ဘေးရှောင် (IDPs) စခန်းများကိုပါ ပစ်မှတ်ထားခဲ့သည်ဟု ဖော်ပြထားသည်။
လုံခြုံရေး အခြေအနေ ဆိုးရွားမှုကြောင့် သောင်ရင်းမြစ်ကမ်း၌ စောင့်ဆိုင်းနေသော နိုင်ငံခြားသားများသည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသူ ၁၆၀ဦးမှ ၂၅၀ ဦးအကြား ရှိခဲ့သည်။ ၎င်းတို့ထဲတွင် တရုတ်နိုင်ငံသား အများစုပါဝင်ပြီး အိန္ဒိယ၊ နီပေါ၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် အီသီယိုးပီးယား နိုင်ငံသားများလည်း ပါဝင်သည်။
ယင်းမတိုင်မီ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားနိုင်ငံသား ၃၁ဦးနှင့် ရုရှားနိုင်ငံသား ၁ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ဘေးကင်းစွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။ လက်ရှိတွင် သောင်ရင်းမြစ်သဲသောင်ပြင်၌ စောင့်ဆိုင်းနေသူ မရှိတော့သဖြင့် KNU က နေရာထိုင်ခင်းနှင့် အစားအစာ စီစဉ်ပေးထားမှုများကို ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သည်ဟု ဖော်ပြထားသည်။
ရှင်းလင်းရေးကာလအတွင်း KNU သည် နှစ်အတန်ကြာ လည်ပတ်ခဲ့သော နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်းများကို အဆုံးသတ်နိုင်ခဲ့ပြီး ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းစသည့် နည်းပညာဆိုင်ရာ သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ အချို့ပစ္စည်းများကို သက်ဆိုင်ရာ တိုက်ဖျက်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသော ကား၊ မီးစက်နှင့် အဆောက်အအုံများကို စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
KNU သည် ချိတ်ပိတ်သိမ်းဆည်းလိုက်သော Shunda Park နေရာကို အများပြည်သူအကျိုးစီးပွားအတွက်သာ အသုံးပြုသွားမည်ဟု ပြောထားသည်။ အနာဂတ်တွင် နယ်မြေတည်ငြိမ်ပါက အဆိုပါနေရာ၌ ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနှင့် မဟာဗျူဟာလေ့လာရေး စသည့် ဘာသာရပ်များကို သင်ကြားပေးမည့် “အဆင့်မြင့်ပညာရေးရပ်ဝန်း” တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း KNU က အသိပေး ကြေညာထားသည်။
ဓါတ်ပုံ – KNU
