![]()
ရခိုင်ပြည်၊ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုတွင် သေဆုံးသူများထဲမှ မည်သူမည်ဝါ မသိရသည့် မူဆလင်နှင့် ရခိုင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်း တွေ့ရသဖြင့် အခြေအနေအရ သဂြိုလ်လိုက်ရသည်ဟု မြေပြင်တွင် ကူညီဆောင်ရွက်နေသူ တစ်ဦးက သံလွင်ခက်ကိုပြောသည်။
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင်း ပြည်သူ ၃၄ ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆက်သွယ်ရေးအခက်အခဲများကြောင့် မည်သည့်မိသားစုနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုမရသေးဟု သိရသည်။
“သေဆုံးသွားတဲ့အထဲမှာ ပိုင်ရှင်မဲ့အလောင်း နှစ်လောင်း တွေ့ပါတယ်။ မူဆလင်အလောင်း တစ်လောင်းနဲ့ ရခိုင်အလောင်းတစ်လောင်းက နောက်ဆုံးအချိန်ထိ ပိုင်ရှင် ရှာလို့ မတွေ့ဘူး” ဟု မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုဝေဟင်အောင်က သံလွင်ခက်ကို ပြောသည်။
ရုပ်အလောင်းများ၏ မည်သူမည်ဝါဖြစ်ကြောင်း ဆွေမျိုးမိသားစုများနှင့် ဆက်သွယ်အတည်မပြုနိုင်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အကြာကြီးထားလို့လည်း အဆင်မပြေ အနံ့ထွက်လာတဲ့အတွက် အားလုံးညှိနှိုင်းတိုင်ပင်ပြီးတော့ သဂြိုလ်လိုက်ရတယ်။ သဂြိုလ်တဲ့ ကိစ္စတွေကတော့ အားလုံးပြီးပါပြီ” ဟု ၎င်းက နောက်ဆက်တွဲ အခြေအနေကို ရှင်းပြသည်။
စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ကြား ၂၀၂၃ နိုဝင်ဘာလမှ စပြီး ပြန်လည်ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ကော်မရှင်က ရခိုင်ပြည်သူများကို အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်မှ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံဝန်ထမ်းများ၊ လူနာများအပါအဝင် အရပ်သား ၃၄ ဦးသေဆုံးခဲ့ပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
#မြောက်ဦးဆေးရုံ #ပိုင်ရှင်မဲ့သဂြိုလ် #ဆက်သွယ်ရေးအခက်အခဲ #ThanLwinKhetNews
