Saw Smith
ဧပြီ ၂၅ ၊ ၂၀၂၃ ။
စစ်ဘေးရှောင်များနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း–ကယားနယ်စပ်ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကိုယနေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်၌ စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ဆေးရုံကို ဗုံးလာကြဲတာ ၄ကြိမ်၊ ၅ကြိမ်လောက်ရှိတာပေါ့နော်။ ပေါင်၅၀၀ ဗုံးတစ်လုံးက မကွဲသေးဘူး။ အခုထိရှိသေးတယ် “ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့်ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မိုးဗြဲအနောက်ခြမ်းတွင် အဆိုပါဆေးရုံတစ်ခုသာရှိသောကြောင့် လူနာ ၅၀ဦး နှင့် ၆၀ ဦး ဝန်းကျင်ထိနေ့စဥ်ပုံမှန်ရှိတတ်ပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦးနှင့် လူနာတချို့ထိခိုက်ခဲ့သည်ဟုသိရသည်။
” ဆေးရုံကဆရာမတစ်ယောက်နဲ့ လူနာတချို့ထိခိုက်တယ်လို့ပြောတယ်။ ကျွန်တော်တို့ရောက်ရှိချိန်မှာ ဒဏ်ရာရသူတွေကို အားလုံးရွေ့ပြောင်းပေးလိုက်ပြီဆိုတော့ ထိခိုက်မှုအသေးစိတ်ကို မသိရဘူး “ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုရှိခဲ့သည့်အပြင် ဆေးရုံအဆောက်အဦးတော်တော်ပျက်ဆီးသွားကြောင်းနှင့်ဆေးလာကုသသည့်လူနာ၏ဆိုင်ကယ်တစ်စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု၎င်းကဆက်လက်ပြောကြားသည်။
ထိုဆေးရုံအနီးတွင် လူဦးရေ၁၅၀ ဦးခန့်ရှိစစ်ဘေးရှောင်စခန်းတစ်ခုရှိပြီး လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု၌ ဆေးရုံကိုသာအဓိကပစ်မှတ်ထား တိုက်ခိုက်သွားခြင်းဖြစ်သောကြောင့် စစ်ဘေးရှောင်များနှင့် စစ်ရှောင်စခန်းတို့ ထိခိုက်မှုမရှိခဲ့ဟု ဒေသခံများထံမှသိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/796
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3798
Website ->https://eng.thanlwinkhet.net