![]()
ခင်သရဖီဦး
စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့မှာ ကျောက်ဖြူမြို့နယ်တွင် နေ့စဉ် ထိတွေ့ တိုက်ပွဲများရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်ဝန်းကျင်နှင့် သိုင်းချောင်းဘက်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၂၅ နှစ်အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “နှစ်ဖက်တိုက်ပွဲက နေ့တိုင်း ရှိတယ်။ စစ်ကော်မရှင်ဘက်ကလည်း ဒရုန်းတွေနဲ့ရော လေကြောင်းကပါ စစ်ကူတယ်။ ရေတပ်ကလည်း နေဗီနဲ့ အင်အားထပ်ဖြည့်ပေးတာမျိုးတွေ ရှိတယ်” ဟု ဆိုသည်။
ထို့အပြင် တစ်ဖက်နှင့် တစ်ဖက် ဆုတ်လိုက်တက်လိုက်ဖြင့်တိုက်ပွဲများ ဖော်ဆောင်ပြီး တိုက်နေကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“စစ်တပ်ဘက်ကလည်း ဆုတ်တဲ့အချိန် ဆုတ်တယ်။ တက်တဲ့အချိန် တက်တယ်။ AA ဘက်ကလည်း ဆုတ်လိုက် တက်လိုက် ကစားနေကြတာပေါ့” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် ကျောက်ဖြူမြို့အား ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ကော်မရှင်တပ်အနေဖြင့်လည်း ရေကြောင်းနှင့်လေကြောင်းများမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ ဒရုန်းများဖြင့်လည်းကောင်း ရမ်းသမ်းပစ်ခတ်မှုများအား ရက်ဆက်၍ ပြည်သူလူထု ကျေးရွာများပါမကျန် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု သိရသည်။
ထိုကဲ့သို့ ကျေးရွာများနှင့် ရပ်ကွက်များအား ရေတပ်နှင့် လေတပ်မှ ပစ်ခတ်မှုများကြောင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံများမှာဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်များမှာလည်း စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရကာအလှူရှင်များလည်း လိုအပ်လျက်ရှိနေသည်။
