ယမင်းဖူးပွင့်အောင်
ဧပြီ ၁၅၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ NLD ပါတီဝင်တစ်ဦး၏ နေအိမ် ချိတ်ပိတ်ခြင်းခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးကျေးရွာရှိ မင်းလှမြို့နယ် NLD မြို့နယ် လူငယ်တာဝန်ခံ ကိုကျော်သူရ၏ နေအိမ်ကိုယမန်နေ့နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“NLD ပါတီဝင်တွေကို အဓိက ပစ်မှတ်ထားလာတယ်လို့မြင်ပါတယ်။မင်းလှမြို့နယ်ထဲမှာတော့ ပါတီဝင်အိမ်ကိုချိတ်ပိတ်တာ ပထမ ဦးဆုံးပါ” ဟုပြောသည်။
ကိုကျော်သူရနှင့် မိသားစုဝင်များသည် အာဏာသိမ်းကာလအစောပိုင်းကတည်းက နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး နေအိမ်ချိတ်ပိတ်ခံရသည့် အကြောင်းအရင်းကိုတော့ မသိရသေးဟု ၎င်းကဆက်ပြောသည်။
နေအိမ်ချိတ်ပိတ်ခံရခြင်းသည် ပြီးခဲ့သည့် ဧပြီလ ၈ရက်နေ့က ကုန်းကြီးကျေးရွာတွင် ဖမ်းဆီးခံရသည့် NLD ပါတီဝင်ငါးဦးနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများကပြောသော်လည်း သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ ဖမ်းဆီးခံရသည့် NLD ပါတီဝင်ငါးဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟုလည်း သိရသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် ၄၇ ဦးတို့၏နေအိမ်များလည်း ဝရမ်းကပ်ခံထားရသည်။
ထို့ပြင် ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျော် ကျူးကျော်ဝင်ရောက်ဖျက်စီးခြင်းခံခဲ့ရသည်ဟု မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3591
Website ->https://eng.thanlwinkhet.net