စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၇၄ဦးအထိ ရှိလာပြီဖြစ်ပြီး အသက်မပြည့်သေးသူ ကလေးငယ် ၃၈ ဦးပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
အဆိုပါ ကလေးငယ် ၃၈ ဦးတွင် ၁၇ နှစ်အောက်အသက်အရွယ်များကို ကောက်ယူထားခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အသက်အငယ်ဆုံးမှာ နို့တိုက်အရွယ် ၆ လသားကလေးငယ်များပါ ပါဝင်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ တွေ့ရတဲ့ သေဆုံးတဲ့ ကလေးငယ်တွေထဲမှာ သုံးနှစ်အရွယ်တွေပါတယ်။ အချို့က ရင်ခွင်ပိုက်ပြီးနို့တိုက်နေရသေးတဲ့ ၆ လအရွယ် ကလေးငယ်တောင် ပါဝင်တယ်။
တချို့ကတော့ အဲဒီ အိမ်သစ်တက်အလှူလုပ်နေတဲ့ လမ်းပေါ် ပြေးလွှားကစားနေတဲ့ ကလေးငယ်တွေပါ အပစ်ခံရတာ။ ဗုံးကြဲတော့ သူတို့လည်း ပြေးမှီပြေးရာ ပြေးတယ်။ အဲဒါကို MI 35 က ရောက်လာပြီး လှုပ်လှုပ်မြင်ရာ ပစ်တော့ အကုန်ထိကုန်ကြတာ “ ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံက ပြောသည်။
ဧပြီလ ၁၅ ရက် နေ့လယ်ပိုင်းအချိန်ထိ ကောက်ယူထားသည့် သေဆုံးသည့် စာရင်းအရေအတွက် ၁၇၄ ဦးတွင်အမျိုးသား ၁၁၂ ၊ အမျိုးသမီး ၂၄၊ ကလေးငယ် ၃၈ ဦး ပါဝင်သည်ဟု ဆိုသည်။ဒဏ်ရာရရှိသူ ၂၄ ဦးမှာ ဆေးကုသမှုခံနေရဆဲဖြစ်သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်တွင် အဆိုပါသေဆုံးမှုဖြစ်စဉ်သည်ရုံးဖွင့်ပွဲနေရာ၌ မိုင်းများသိုလှောင်ထားမှုကြောင့် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပါဝင်ခဲ့သည်။
ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၏ ပြောဆိုမှုတွင် အဆိုပါအဆောက်အဦမှာ ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လွယ်ကူအထောက်အကူပြုစေရန်အတွက် လမ်းမဘေးတွင်သာ ဆောက်လုပ်ထားသည့်နေရာဖြစ်သည့်အပြင် ကျေးရွာတို့ ထုံးစံရှိသည့်အလျောက် အိမ်သစ်တက်သည့် အလှူအနေဖြင့် ဆရာတော်များကိုပင့်ဖိတ်ထားသည်ဟုဆိုသည်။
“မိုင်းတွေရှိနေတယ်ဆိုတဲ့ စကားကတော့ အတော်မှားယွင်းတဲ့ စကားလုံးဖြစ်ပါတယ်။ အဲဒီအလှူလုပ်တဲ့နေ့မှာပဲအဲဒီအဆောက်အဦပတ်လည်မှာ စားသောက်ဖွယ်ရာအတွက် ဒေသခံတွေ ချက်ပြုတ်နေကြတယ်။ ရေနွေးကျိုနေကြတယ်။ မီးဖိုတွေချည်းပဲ။ မိုင်းတွေ၊ လက်နက်ခဲယမ်းတွေထားတဲ့နေရာဆို ဘယ်သူမှ အဲဒီလို ချက်ပြုတ်နေမှာမဟုတ်ဘူး၊ ဓါတ်ပုံတွေမှာ မြင်နိုင်ပါတယ်။” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ ကိုဇော်က ပြောသည်။
စစ်ကောင်စီသည် အဆိုပါအလှူပြုလုပ်နေသည့် နေရာသို့ ဧပြီလ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး MI 35 လေယာဉ်ဖြင့် သုံးပတ် ပတ်ကာ ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ပဇီကြီးကျေးရွာသည် အိမ်ခြေ ၁၈၀ မှ ၂၀၀ အတွင်းရှိပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုတွင် အိမ်တိုင်းနီးပါး၏ မိသားစုများပါဝင်ခဲ့ရပြီး ကျေးလက်ဒေသဖြစ်သောကြောင့် အများစုမှာ ဆွေမျိုးတော်စပ်သူများဖြစ်သည်ဟု ကောက်ယူထားသော စာရင်းများအရသိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3594
Website ->https://eng.thanlwinkhet.net