Saw Smith
ဧပြီ ၁၄ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် သေဆုံးသူအရေအတွက်မှာ ၁၇၁ ဦးထိရှိလာပြီဖြစ်သည်ဟု သေဆုံးစာရင်းများကို လိုက်လံပြုစုနေသည့် ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ၁၁ ရက်တွင် လူရာချီ၍ အစုလိုက်ရှိနေသည့် ပဇီကြီးရွာ ကျွေးမွေးဧည့်ခံပွဲတစ်ခုကိုစစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်လေယာဥ်များဖြင့်ဗုံးကြဲ၊ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမြောက်အများ သေဆုံးခဲ့သည်။
သေဆုံးစာရင်းများကို ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့များကလိုက်လံပြုစုနေရာ ယနေ့ဧပြီလ ၁၄ရက်နေ့လည်ပိုင်းအထိ သေဆုံးစာရင်း ၁၇၁ ဦးရှိ၍ အမျိုးသား၁၀၉ ဦး၊ အမျိုးသမီး၂၄ဦးနှင့်ကလေး၃၈ဦးတို့ပါဝင်သည်။
သေဆုံးကလေးငယ်များတွင် ၃လ၊ ၇ လအရွယ်လသားကလေးငယ်များမှ တစ်တန်း၊ နှစ်တန်း၊ သုံးတန်းအရွယ်ကလေးငယ်များ အများဆုံးပါဝင်သိဟု သိရသည်။
” ရုပ်အလောင်းနဲ့ခြေပြတ်၊ လက်ပြတ်တွေကတော့ ၁၀၀ လောက်ရှိမှာပေါ့နော်။ အဲ့ဒါတွေရေတွက်တယ်။ တချို့ကတော့ ဝမ်းတွင်းကလိစာတွေပဲကျန်ခဲ့တာရှိတယ်။ ရွာခံတွေရော လူငယ်တွေရောပေါင်းပြီး စာရင်းတွေ လိုက်ပြုစုချိန်မှာ မိသားစုဝင်တွေက ဘယ်သူတွေတော့ ပါသွားတယ် အဲ့လိုစာရင်းတွေနဲ့အတည်ပြုထားတာပါ“ဟု ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
စာရင်းများပြုစုရာတွင် မိသားစုဝင်များပြောစကားသာမကအဆိုပါပွဲသို့ လာရောက်မှုရှိခဲ့ကြောင်းကိုအခြားမျက်မြင်တွေ့ရှိသူများ၏ အတည်ပြုပေးခြင်းများကိုပါအဆင့်ဆင့်မေးမြန်းသည်ဟု သိရသည်။
စာရင်းများအတည်ပြုနိုင်ရန်အတွက် မေးမြန်းရာတွင်အခက်အခဲဆုံးမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်အား မိသားစုများကိုအသေးစိတ် ထပ်မံမေးမြန်းနေရခြင်းဖြစ်ပြီး မိသားစုဝင်များကို အားပေးနှစ်သိမ့်ခြင်းများပြုလုပ်ရသည့်အပြင် တချို့မိသားစုဝင်များပင်လျင် စိတ်ဖောက်ပြန်မှုနှင့်ကြုံတွေ့ရသည်ဟု စာရင်းကောက်ရာတွင်ပါဝင်သည့် ဆရာတစ်ယောက်ကပြောသည်။
” သမီးနှစ်ယောက်ရယ် ၊ ချွေးမရယ် ၊ သားမက်ရယ် ဆုံးရှုံးသွားတဲ့ အမေကြီးတစ်ယောက်ကတော့ စိတ်ဖောက်သွားတယ်ပဲပြောမလား သီချင်းတွေဆိုပြီးတော့ ဂယောင်ချောက်ခြားပြောနေတာတွေကြုံရတယ်။ နောက်တစ်ခုအခုချိန်ထိ ထမင်းမစားလို့ ရင်ဘတ်တွေအောင့်တာ၊ အသက်ရှုကြပ်တဲ့ လူနာတွေကို မနေ့က ဆေးကုသလို့ရတဲ့နေရာကိုပို့ဆောင်ပေးရတယ် “ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဒေသခံများမှာ နေအိမ်များသို့မပြန်ရဲကြသေးသည့်အပြင် လူများများစု၍ပင်မနေရဲသည့်အခြေအနေ၊အသံတစ်ခုခုကြားလျှင်ထိတ်လန့်နေရသည့် အခြေအနေများရှိနေသည်ဟု ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်ပေးသည့်ဆရာက သံလွင်ခက်ကိုပြောသည်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးမှုများမရှိသော်လည်း ပဇီကြီးရွာနှင့် ၄မိုင်ကျော်ကွာဝေးသည့် မလယ်ရွာတွင် စစ်ကောင်စီတပ်(အင်အား၁၀၀ ဟုခန့်မှန်း)စွဲထားသောကြောင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေရှိနေပြီး တာဝန်ရှိသူများအနေဖြင့်လည်း နယ်မြေရှင်လင်းရေးပြုလုပ်ခြင်းနှင့် စာရင်းများပြုစုရာတွင် အချိန်ကြန့်ကြာမှုများရှိနေသည်။
ထို့ကြောင့် လက်ရှိအတည်ပြုရရှိထားသည့်သေဆုံးစာရင်း ၁၇၁ ဦးအတွက်ကိုပင် နာမည်၊ အသက်အပိုင်းအခြား၊ကျား၊မ ၊ကျေးရွာ စသည့်အချက်များကိုသာ ကောက်ယူထားနိုင်ပြီး အလုပ်အကိုင်၊အတန်းပညာ၊မိသားစုတစ်ခု၌အသက်ဆုံးရှုံးခဲ့ရသည့်အရေအတွက် စသည့်အသေးစိတ်အချက်များကို ဆက်လက်မှတ်တမ်းတင်ပြုစုဆဲဖြစ်သည်။
သေဆုံးသူများတွင် ပဇီကြီးကျေးရွာမှအများဆုံးဖြစ်ပြီး အနီနားပတ်ဝန်းကျင်ရွာများမှအပါအဝင် အခြားကျေးရွာ၁၀ ရွာခန့်မှ ဒေသခံများပါဝင်နေကြောင်း၊ ယနေ့ထိ တချို့အဆက်အသွယ်ပြတ်တောက်နေသူများရှိနေပြီး ထိုသူများကိုသေဆုံးစာရင်းတွင်း မထည့်ထားဟု ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3587
Website ->https://eng.thanlwinkhet.net