ကောင်းချစ်အောင်
ဧပြီ ၁၂၊ ၂၀၂၃။
ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သောကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့မှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရဲတပ်ရင်း၂၈နှင့် ပျူစောထီးစခန်းတစ်ခုအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ အလယ် ကျွန်းရွာတွင် တပ်စွဲထားသည့် ပျူစောထီးစခန်းကို ယမန်နေ့နေ့လယ်တစ်နာရီ ဝန်းကျင်ခန့် က ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု DRPA ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်သတင်းဌာနကိုပြောသည်။
“ကန့်ဘလူသတင်းကြားကြားချင်း ပြင်စရာရှိတာပြင်ပြီး ချက်ချင်းသွားပစ်တာ တည့်တည့်ထိတာတွေရှိတယ်အထိအခိုက်တော့မသိရသေးဘူး “ဟု ဆိုသည်။
ထို့အပြင် ယမန်နေ့ည ၁၁ နာရီခန့်ကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်း၂၈ကို ရှော့တိုက်ဒုံး၊ ၆၀မမ၊၁၂၀မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု DRPA ပြန်ကြားရေးတာဝန်ခံကပြောသည်။
“ရဲဘော်တွေက ကန့်ဘလူကိစ္စနဲ့ပတ်သတ်ပြီး တအားခံပြင်းနေကြတာ ၁၂ချက်သွားပစ်တာ“ဟု ဆိုသည်။
ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် အဆောက်အဦးခေါင်မိုးများပေါ်သို့ တိုက်ရိုက်ကျရောက်ပြီးပျက်စီးဆုံးရှုံးမှုများပြားနိုင်သည်ဟု သိရသည်။
စစ်ကောင်စီဘက်မှလည်း ၆၀မမဖြင့် နှစ်ချက်၊ ၁၂၀မမဖြင့် နှစ်ချက် စုစုပေါင်းလေးချက် ပြန်လည်ပစ်ခတ်ခဲ့ပြီးအနီးနားရှိရွာထဲသို့ နှစ်လုံးကျရောက်ကာ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ရသည်ဟု သိရသည်။
ယမန်နေ့ည ၈နာရီခန့်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း ၃၀ကိုလည်းလက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ပုံစာ-DRPA ရှေ့တန်းရောက်တပ်ဖွဲ့ဝင်များ
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3551
Website ->https://eng.thanlwinkhet.net