Saw Smith
ဧပြီ ၁၃ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ်မြဝတီမြို့အနီးတွင် ပြင်းထန်နေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှထိခိုက်ကျဆုံးမှုများနေပြီး BGFစခန်းများနှင့်လက်နက်၊ခဲယမ်းများကို သိမ်းဆည်းရမိထားသည်ဟု ပူးပေါင်းစစ်ကြောင်းများနှင့်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်မတ်လ ၂၅ ရက်မှစ၍ မြဝတီမြို့အနီးနေရာများတွင် တိုက်ပွဲများစတင်ဖြစ်ပွါးခဲ့ပြီးတိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၁၁ ရက်တွင်လည်း တစ်နေ့ကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်ဘက် အတွင်းမဲကနယ်ကျေးရွာဘက်တွင် ဧပြီ၁၁ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှအကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။
” အတွင်းမဲကနယ်ဘက်မှာက ၁၀၂၂ ဗိုလ်မုတ်သုန်တပ်ရင်းရှိတာ။ အတွင်းမဲကနယ်နဲ့ ကုန်သွယ်ရေးဇုန်ကမနီးဘူး။ကြားမှာ အိမ်ခြေ ၃၀၀၀ လောက်ရှိတဲ့ အပြင်မဲကနယ်ရှိတယ် “ဟု စစ်ကြောင်းများနှင့်နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက တိုက်ပွဲဖြစ်ပွားရာနေရာအားပြောသည်။
ဧပြီလ ၁၁ ရက်၊ ညနေတွင် မြဝတီမြို့အနီးရှိစစ်ကောင်စီ လက်အောက်ခံ BGF စခန်းကုန်းအား KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column ၊ ကျားသစ်နက်စစ်ကြောင်းတို့မှ သွားရောက်တိုက်ခိုက်ခဲ့ရာစခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ထိုစခန်းသိမ်းတိုက်ပွဲ၌ BGF တပ်ဖွဲ့ဝင်၁၀ဥဦးသေဆုံးခဲ့ပြီး ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ (၂)မှ ရဲဘော်၂ဦးကျဆုံး၍ ရဲဘော် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
BGF တပ်ဖွဲ့ဝင်များထံမှ MA-1 ၁ လက် ၊ M4 ၃လက် ၊ AK ၁လက် ၊ M22 ၁ လက် ၊ ကာဘိုင် ၁လက် ၊ 40 မမ ဗုံးပစ်လောင်ချာ ၁ လက် ၊ တူမီး ၁ လက် ၊ ရှေ့ထွက်မိုင်း ၂လုံး နှင့်အတူ ကျည်အိမ်များ ၊ ကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်ဟု ကျားသစ်နက်စစ်ကြောင်းက ဖော်ပြထားသည်။
” ၁၁ရက်နေ့ အတွင်း မဲကနယ်တိုက်ပွဲက တော်တော်ကြီးကြီးကျယ်ကျယ်ကိုဖြစ်တာ။ မနက်ထဲကလေကြောင်းကနေလာတိုက်တာ ညသန်းခေါင်ကျော်ချိန်ထိ လေကြောင်းကလာတိုက်တယ် “ဟု ရှေ့တန်းတွင်ရောက်နေသည့်ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့သည် မြတီမြို့အနီးနေရာအများအပြားအား ဖြန့်ကျက်နေရာယူကာ စစ်ဆင်ရေးအားဆက်လက်ဖော်ဆောင်လျှက်ရှိသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ဧပြီ ၄ရက်မှ ၉ရက်အထိ ၆ရက်ဆက်တိုက်ဖြစ်ပွားခဲ့သည့် မြဝတီမြို့အနီးတိုက်ပွဲများ၌ စစ်ကောင်စီနှင့်BGF တပ်ဖွဲ့ဝင် ၂၈ဦးသေဆုံး၍ ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ဖော်ပြထားသည်။
မြဝတီမြို့အနီးတိုက်ပွဲများ၌ BGF စခန်းကုန်းများကို သိမ်းထားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားသည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
” တပ်ရင်း ၁၀၂၂ ကိုသိမ်းထားတယ်။ ကျွန်တော်တို့သိမ်းထားတဲ့ ကုန်းပတ်လည်မှာရှိတဲ့ စခန်းတွေကို သိမ်းထားတယ် “ဟု ၎င်းကပြောသည်။
ပူးပေါင်းစစ်ကြောင်းများက BGFစခန်းများကို သိမ်းထားနိုင်သည့်အပြင် မြဝတီမြို့အနီး၌ BGF တပ်များစောင့်ရှောက်ထားသည့် ကျောက်မိုင်းတွင်းများအပါအဝင်လုပ်ကွက်များကို သိမ်းဆည်းရမိထားသည်ဟု စစ်ကြောင်းများနှင့်နီးစပ်သည့်ဒေသခံများက သံလွင်ခက်ကိုအတည်ပြုပြောကြားသည်။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3565
Website ->https://eng.thanlwinkhet.net