Saw Smith
ဧပြီ ၁၂ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ယမန်နေ့ည သန်းခေါင်ယံကျော်ချိန် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ ဧပြီလ ၁၂ရက် ၊ နံနက် ၁ နာရီကျော်အချိန်တွင် တိုက်လေယာဥ်များဖြင့် လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းမှလာရောက်တိုက်ခိုက်မှုကို မြဝတီမြို့တွင်းရှိဒေသခံများ ဆိုးဆိုးရွားရွားကြုံတွေ့ခံစားခဲ့ကြရသည်ဟု သိရသည်။
” အသံနဲ့တင်လိပ်ပြာလွင့်တော့မယ်လူပါကျင်ကျင်တက်သွားတယ်လန့်ပြီး။ ပစ်သံတွေရော လေယာဥ်သံတွေရောဒီလောက်နီးကပ်တဲ့အသံ ဒီတစ်ခါပဲကြားဖူးတယ် “ဟု မြဝတီမြို့ အမှတ်၄ ရပ်ကွက်တွင်းရှိ မြို့ခံတစ်ဦးကလေကြောင်းမှလာရောက်တိုက်ခိုက်စဥ် ကြုံတွေ့ရသည်အား ဖော်ပြထားသည်။
မြဝတီမြို့တွင်ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကလည်း ယနေ့နံနက်အစောပိုင်းတွင် လေယာဥ်ဖြင့်လာတိုက်ခိုက်သည့်အသံ နှစ်ကြိမ်ကြားရပြီး ထိခိုက်ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ အကူအညီတောင်းခံလာခြင်းမရှိဟု ပြောသည်။
မြဝတီမြို့အနီးနေရာအများအပြားတွင် နေရာဖြန့်ကျက်၍ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ယခုလ ၄ရက်မှ ၉ ရက်အထိ ၆ရက်ဆက်တိုက် စစ်ကောင်စီနှင့် BGF တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့တွင်လည်း မြဝတီကုန်သွယ်ရေးဇုန်အနီး မဲကနယ်ကျေးရွာတွင် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တစ်နေကုန်နီးပါးလေကြောင်းကလာရောက်တိုက်ခိုက်ခဲ့သည်။
” မနေ့က ဂျက်ဖိုက်တာရော (တိုက်လေယာဥ်)၊ ပုဇင်းရော(တိုက်ခိုက်ရေး ရဟတ်ယာဥ်)တစ်နေကုန်ပစ်တာ“ဟုယမန်နေ့တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကို ယနေ့နံနက်ပိုင်းတွင်ပြောသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို စစ်ရေးပစ်မှတ်များနှင့်မသက်ဆိုင်သည့် အရပ်သားပစ်မှတ်များကိုပိုမိုဦးတည်တိုက်ခိုက်လာနေသောကြောင့်မြဝတီမြို့တွင်း၌နေထိုင်သူများမှာစိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်နေရာ ယခုရက်ပိုင်း ဧပြီလ ၁၀ရက်နှင့်၁၁ ရက်တို့တွင် ချင်းပြည်နယ် ဝေဘူလမြို့နှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တို့တွင် ကလေးသူငယ်များအပါအဝင် ပြည်သူ တစ်ရာကျော်အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3548
Website ->https://eng.thanlwinkhet.net