![]()
မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်အား ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၃၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၉ ရက်မှစတင်၍ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား ဒီဇင်ဘာလ ၉၊ ၁၀၊ ၁၆ နှင့် ၂၀ ရက်နေ့များတွင် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပသစ (ပြည်သူ့စစ်) အဖွဲ့ဝင်တစ်ဦးသည် MA4 လက်နက်တစ်လက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးရဲဘော်များဘက်မှလည်း ပေါက်မြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် မကွေး-PDF မှ ရဲဘော်တစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
စစ်ကော်မရှင်စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ နယ်စည်းမခြား PDF (ပခုက္ကူ)၊ မကွေး-PDF၊ Phoenix Guerrilla Force၊ ပေါက်-မြိုင် (ပကဖ) နှင့် BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စုပေါင်းကာ နှစ်ပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် လက်ရှိတွင် ပေါက်မြို့နယ်မြောက်ပိုင်းရှိ ရွာပေါင်း ၁၀ ရွာမှ လူ ငါးထောင်မှ ခြောက်ထောင်အကြား စစ်ရှောင်နေသည်ဟု သိရသည်။
PRF ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ညိုအောင်က “ရွာ ၁၀ ရွာလောက် လူတွေ အခုအချိန်အထိ စစ်ရှောင်နေရဆဲပါ။ လူထုက စစ်အတွင်းမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ ဘဝပေးအသိရ ကျင့်သားရနေပြီဆိုပေမဲ့ ရက်ကြာလာတဲ့ အခါမှာတော့ အခက်ခဲတွေ ရှိပါတယ် ’’ ဟု သံလွင်ခက်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ ရှိနေသည်ဟု သိရသည်။
Photo – ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF
#ပေါက် #နှစ်ပတ်ကျော်ကြာတိုက်ပွဲ #စစ်တပ် #ThanLwinKhetNews
