• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှံ့နစ်နေသောကားထဲမှ မြန်မာ၄၁ ဦး ဖမ်းဆီးခံရ
  • ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း
  • ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်
  • ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး
  • အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ
  • ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်
  • BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»“စစ်တပ်ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးထွက်ပေါက်ဖြစ်နိုင်ရဲ့လား”
သတင်းဆောင်းပါး

“စစ်တပ်ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးထွက်ပေါက်ဖြစ်နိုင်ရဲ့လား”

thanlwinkhetBy thanlwinkhetApril 9, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းမိုးဆွေ

၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး သိပ်မကြာခင်မှာဘဲ စစ်ကောင်စီဟာ လမ်းပြမြေပုံငါးရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက တစ်ချက်ကတော့ အရေးပေါ်ကာလအလွန်မှာ ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရပါတီကိုအာဏာလွှဲပြောင်းပေးအပ်ဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အာဏာ တစ်နှစ်သိမ်းမယ်၊ ခြောက်လ နှစ်ခါသက်တမ်းတိုးမယ်၊ ပြီးရင် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရလာတဲ့ ပါတီကို အာဏာပြန်အပ်မယ်ဆိုတဲ့ သဘောပါပဲ။

အာဏာသိမ်းမှု နှစ်နှစ်တာကာလ လွန်မြောက်လာတဲ့အခါမှာတော့ တိုင်းပြည်မတည်ငြိမ်မှုကို အကြောင်းပြပြီးစစ်တပ်က အရေးပေါ်ကာလကို သက်တမ်းခြောက်လ ထပ်တိုးလိုက်ပါတယ်။ ဒါကြောင့် အရင်က ယူဆချက်အရ၂၀၂၃ နှစ်လယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အချိန်ဇယားကလည်း နောက်ထပ်ရွှေ့ဆိုင်းသွားရပါတော့တယ်။

ဒါပေမယ့်၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး စစ်တပ်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ အရိပ်အမြွက် ပြန်ပြလာပါတယ်။တစ်ချိန်တည်းမှာပဲ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်တွင်းက နိုင်ငံရေးပါတီအချို့ကတော့ဒါဟာ အာဏာသိမ်းမှုအလွန် နိုင်ငံရေးပဋိပက္ခအတွက် ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ ဆိုလာကြပါတယ်။ ဒါပေမယ့် မြေပြင် ပကတိ အရှိတရားတွေအရတော့ မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခင်းအကျင်းနည်းတဲ့အပြင် တကယ်လို့ စစ်တပ်က အတင်းအကျပ် ကျင်းပခဲ့ရင်လည်း အများဆန္ဒကို ထင်ဟပ်စေတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအကြံ

၂၀၂၂ နှောင်းပိုင်းနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ရွေးကောက်ပွဲတစ်ခုအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တချို့ကို စစ်ကောင်စီက စတင်အကောင်အထည်ဖော်လာပါတယ်။ ဥပမာအားဖြင့် မဲစာရင်း ရှေ့ပြေးလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့လဝကစာရင်းပေါက် လူဦးရေစာရင်း (ပုံစံ ၆၆/၆) နဲ့ မြေပြင်မှာ လက်ရှိနေထိုင်တဲ့ လူဦးရေစာရင်းကို တိုက်ဆိုင်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်မှာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးတွေအပြင် ရခိုင်ပြည်နယ်အတွင်းက ဒေသတချို့နဲ့ နေပြည်တော်မှာလည်း အဲဒီလုပ်ငန်းစဉ် စတင်ခဲ့ပါတယ်။

နဂိုရည်ရွယ်ချက်အရ ဇန်နဝါရီလ ၉ ရက်ကနေ လကုန်အထိ မဲစာရင်းတိုက်စစ်တဲ့ လုပ်ငန်းစဉ် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ တော်လှန်ရေးအဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ စတင်လာပါတော့တယ်။

လုပ်ငန်းစဉ် စတင်ခဲ့တဲ့ ဇန်နဝါရီလ ၉ရက်မှာပဲ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်မှာ မဲစာရင်းပြုစုရာမှာပါဝင်တဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မဲစာရင်းအဖွဲ့မှာ လူ ၁၀ယောက်လောက် ပါဝင်ပြီး လက်နက်ကိုင် စစ်သားတစ်ဦးနဲ့ ရဲသား တစ်ဦး၊ ပေါင်း နှစ်ဦးကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့ဝင်တွေကတော့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရဲတပ်သား သေဆုံးသွားပြီးစစ်သားကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မြို့ပြပျောက်ကျားအဖွဲ့တွေက ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်တာကာလအတွင်း ခုနစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Myanmar Now သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

နောက်ပိုင်းရက်တွေမှာလည်း မဲစာရင်းပြုစုတဲ့လုပ်ငန်းစဉ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာဆိုရင်လည်း ဒေသအခြေစိုက် PDF တပ်ဖွဲ့တစ်ခုက ဇန်နဝါရီလ ၁၂ ရက်မှာ လဝကရုံးတစ်ရုံးကို ဝင်ရောက်ပစ်ခတ်ပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့အဆောက်အဦးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အစပိုင်းမှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေမှာ မဲစာရင်းရှေ့ပြေးလုပ်ငန်းစဉ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က ဒီသတင်းတွေကို အရင်လို သိပ်ပြီး ဝေဝေဆာဆာ ဖော်ပြတာ မတွေ့ရတော့ပါဘူး။

ပါတီမှတ်ပုံတင်ဥပဒေအသစ်

သိပ်မကြာသေးတဲ့ ဇန်နဝါရီလ ၂၆ ရက်မှာတော့ စစ်ကောင်စီက သူတို့ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတစ်ခုအဖြစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဥပဒေသစ်မှာ ကန့်သတ်ချက်တွေ ထည့်သွင်းထားပြီး နိုင်ငံရေးပါတီငယ်တွေအတွက် အသက်ရှုကျပ်စေမယ့်ပြဋ္ဌာန်းချက်အသစ် တချို့ ပါဝင်လာပါတယ်။ ဥပဒေသစ်အရ ပြည်ထောင်စုတဝန်းလုံးမှာ မဲဆွယ်စည်းရုံးမယ့်ပါတီတွေအနေနဲ့ မှတ်ပုံတင်ခွင့် ကျပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁ သိန်း စုဆောင်းရမှာဖြစ်ပြီး ပါတီမှတ်ပုံတင်ကြေးအနေနဲ့ ကျပ်သိန်း ၁,၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်မှာ ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါတီမှတ်ပုံတင်ကျပြီး ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံအတွင်း မြို့နယ် ၃၃၀ ရဲ့ ထက်ဝက်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုခုမှာ မဲဆွယ်စည်းရုံးမယ့် ပါတီတွေကတော့ မှတ်ပုံတင်ကျပြီး ရက်ပေါင်း၉၀ အတွင်း ပါတီဝင် ၁,၀၀၀ ကို စုဆောင်းရမှာဖြစ်ပြီး မှတ်ပုံတင်ကြေးကတော့ ကျပ်သိန်း ၁၀၀ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝင်ပြိုင်မယ့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအတွင်းမှာ ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံးမြို့နယ် ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်ပါတယ်။

ပါတီမှတ်ပုံတင် ဥပဒေဟောင်းမှာတော့ ဒီအချက်အလက်တွေ မပါဝင်ခဲ့တာကြောင့် ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တွေဟာ နိုင်ငံရေးပါတီတွေ အထူးသဖြင့် တိုင်းရင်းသားပါတီတွေအတွက် အကျပ်ရိုက်စရာ ဖြစ်ခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေသစ်ပြဋ္ဌာန်းတဲ့ ဇန်နဝါရီလ နှောင်းပိုင်းကနေမတ်လ ၂၈ အထိ ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်ပြီး မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဥပဒေသစ်မှာ ပါဝင်လာတာပါ။

ပါတီများအတွက် လမ်းနှစ်ခွ

ပါတီဖျက်သိမ်းခံရမယ်ဆိုတဲ့ ဥပဒေသစ်ပါ ခြိမ်းခြောက်မှုကြောင့် မြန်မာနိုင်ငံတွင်းက တည်ဆဲ နိုင်ငံရေးပါတီ ၉၁ခုအတွက်တော့ ရွေးရခက်တဲ့ လမ်းနှစ်ခွကို တွန်းပို့လိုက်ပါတော့တယ်။ နိုင်ငံရေးရပ်တည်ချက် အမြင်ဘက်က ကြည့်မယ်ဆိုရင်တော့ UEC မှာ မှတ်ပုံတင်ခြင်းဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်တယ်လို့ စစ်တပ်ရဲ့ကြေညာချက်ကို အတည်ပြု ထောက်ခံရာရောက်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှု အကြီးအကျယ်ဖြစ်ခဲ့တယ်ဆိုတဲ့ စစ်တပ်ရဲ့ အခြေအမြစ်မဲ့ စွပ်စွဲချက်ကို သွယ်ဝိုက်ထောက်ခံပြီးသားလည်း ဖြစ်သွားပါတယ်။

စစ်ကောင်စီနဲ့ ပလဲနံသင့်တဲ့ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီတချို့ကတော့ အများထင်ထားတဲ့အတိုင်း ပြန်ပြီးမှတ်ပုံတင်ဖို့ ဆန္ဒရှိပေမယ့် NLD အပါအဝင် တိုင်းရင်းသားပါတီတချို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ၂၀၂၀ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အများဆုံးအနိုင်ရပါတီတစ်ခုဖြစ်တဲ့ NLD ပါတီကတော့ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။ ပါတီကို ပြန်ပြီးမှတ်ပုံတင်မှာ မဟုတ်ဘူးလို့လည်း ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

NLD နဲ့ ကာလရှည်ကြာ မဟာမိတ်သဘောမျိုး ဆက်ဆံရေးရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မတ်လလယ်မှာ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ် ကျင်းပပြီး ပါတီမှတ်ပုံမတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မှတ်ပုံပြန်တင်ဖို့ ပေးထားတဲ့အချိန် နည်းလွန်းတာ၊ SNLD ဟာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်ထားတဲ့အတွက်ကြောင့် စည်းရုံးရမယ့် နယ်မြေတွေဖြစ်တဲ့ ရှမ်းဒေသအပြင်၊ ကချင်၊ ကယား စတဲ့ ပြည်နယ်တွေမှာ လုံခြုံရေးအခြေအနေကြောင့် ပါတီလုပ်ငန်းတွေ လုပ်ဆောင်လို့ မရတာနဲ့ ကော်မရှင်ကရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာကို အတိအကျ မကြေညာထားတာ စတဲ့ အကြောင်းရင်းတွေကြောင့်မှတ်ပုံမတင်ဖြစ်တော့တာလို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က DVB သတင်းဌာနကို ပြောပါတယ်။

“ကျနော်တို့ကတော့ မှတ်ပုံတင် အလိုအလျောက် ပျက်ပြယ်တာမျိုးတွေကလည်း အရင်ကတည်းက ကြုံခဲ့ပြီးသားမို့ သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

တအာင်း (ပလောင်) အမျိုးသားပါတီကလည်း နဂိုက မှတ်ပုံတင်ဖို့ စဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဥပဒေပါကန့်သတ်ချက်တွေဟာ သူတို့အတွက် လုပ်ရကိုင်ရ ခက်ခဲစေတယ်လို့ဆိုပြီး မှတ်ပုံမတင်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ပြည်နယ်တွေမှာ ပြိုင်ဖို့ဆိုလည်း သုံးလအတွင်း ပါတီဝင်အင်အား ၁,၀၀၀ လိုတယ်။ အဲဒါက အခက်အခဲ ဖြစ်နေတာ။ မတင်ဖြစ်တော့ဘူး” လို့ တအာင်းအမျိုးသားပါတီ၊ အထွေထွေအတွင်းရေးမှူး တာကျော်အောင်က ရွှေဖီမြေသတင်းဌာနကို မတ်လနှောင်းပိုင်းက ပြောပါတယ်။

စစ်တပ်နဲ့ သိပ်မနီးစပ်ပေမယ့်ပြန်ပြီးမှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ ပါတီတွေလည်း ရှိခဲ့ပါတယ်။ အဲဒီပါတီတွေဆီကအများဆုံးကြားရတဲ့ အကြောင်းပြချက်ကတော့ မတူညီမှုတွေကို ညှိနှိုင်းဆွေးနွေးလို့ရမယ့် နိုင်ငံရေးပလက်ဖောင်းတစ်ခု ဆက်ရှိနေဖို့၊ ပါတီဆက်လက် တည်မြဲနေဖို့ မှတ်ပုံတင်ရတာပါ ဆိုတာပါပဲ။

စစ်ကောင်စီ UEC ထံမှာ ပြန်ပြီး မှတ်ပုံတင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက အမည်မဖော်လိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ ANP ပါတီဟာ “ရခိုင်တွေရဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ သွားဖို့ အဖွဲ့အစည်းလိုတယ်ဆိုပြီးထောင်ထားတာ” ဖြစ်တဲ့အတွက်ကြောင့် ပြန်ပြီး မှတ်ပုံတင်ခဲ့တာလို့ ဆိုပါတယ်။

ပါတီများကို ဖျက်သိမ်းခြင်း

ပါတီတွေမှတ်ပုံတင်ဖို့ နောက်ဆုံးသတ်မှတ်ရက် စေ့သွားပြီး နောက်တစ်နေ့ မတ်လ ၂၉ မှာတော့ စစ်ကောင်စီဟာသူတို့ ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကတဆင့် (အဖျက်သိမ်းမခံရဖို့) ပြန်ပြီး မှတ်ပုံတင်တဲ့ ပါတီစာရင်း၊ ပါတီအသစ်စာရင်းနဲ့ မှတ်ပုံမတင်လို့ ဥပဒေအရ ဖျက်သိမ်းခံရတဲ့ ပါတီစာရင်းတွေကို ထုတ်ပြန်လာပါတယ်။

UEC ထံမှာ ပြန်ပြီး မှတ်ပုံတင်တဲ့ ပါတီ စုစုပေါင်း ၅၀ တိတိရှိပြီး ပါတီပေါင်း ၄၀ ကတော့ မှတ်ပုံမတင်လို့ ဥပဒေအရ အလိုအလျောက် ပျက်ပြယ်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ ပါတီအသစ်အဖြစ် မှတ်ပုံတင်လာတာက စုစုပေါင်း ၁၃ ပါတီရှိတယ်လို့ စစ်ကောင်စီကြေညာချက်က ဆိုပါတယ်။ ဒီပါတီသစ်ထဲမှာ NLD အစိုးရလက်ထက်က ငွေကြေးခဝါချမှုနဲ့ ထောင်ကျခဲ့တဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ နှင်းဆီပါတီလည်း ပါဝင်ပြီး နဂိုနာမည်ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party) ကနေ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြန်ပြီးမှတ်ပုံတင်တဲ့အထဲက လူသိများတဲ့ ပါတီတချို့ကတော့ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဦးသိန်းညွန့်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ဖြစ်ကြပါတယ်။

ပြန်မှတ်ပုံမတင်တဲ့ ပါတီတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်းအမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

ပြန်ပြီးမှတ်ပုံတင်တဲ့ ပါတီ ၅၀ အနက် ၂၀၂၀ရွေးကောက်ပွဲရလဒ်အရ တစ်နေရာနဲ့အထက် အနိုင်ရခဲ့တဲ့ ပါတီက၁၂ ပါတီပဲ ရှိပြီး စုစုပေါင်း ၁၂၇ နေရာသာ အနိုင်ရခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာနဲ့ အများဆုံး အနိုင်ရခဲ့ပါတယ်။ တစ်ဖက်မှာတော့ မှတ်ပုံပြန်မတင်တဲ့ ပါတီတွေအနက် ၇ ပါတီက စုစုပေါင်း ၉၈၆ နေရာ အနိုင်ရထားတာဖြစ်ပါတယ်။ NLD က မဲဆန္ဒနယ် ၉၂၀ နဲ့ နေရာအများဆုံး အနိုင်ရပြီး သူ့နောက်မှာ SNLD က ၄၂ နေရာနဲ့ ကပ်လိုက်ပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၀ မှာ လူထုထောက်ခံမှု အများစုရတဲ့ ပါတီတွေက ပြန်ပြီး မှတ်ပုံမတင်ကြတဲ့အချိန်မှာ လူထုထောက်ခံမှု အနည်းငယ်သာ ရတဲ့ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၅၀ ပြန်ပြီး မှတ်ပုံတင်ခဲ့ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။ ၂၀၂၀ မှာ လူထုထောက်ခံမှုအနည်းငယ်သာရှိတဲ့ ပါတီအများစု ပါဝင်ပြီး စစ်ကောင်စီက ဦးစီးကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ လူထုဆန္ဒထင်ဟပ်မှု အနည်းငယ်သာ ရှိနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်လား

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ လေသံပစ်လာတာနဲ့အမျှ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကြားမှာရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် ထွက်ပေါက်တစ်ခုဖြစ်တယ် ဆိုတဲ့ ယူဆချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။

NLD အစိုးရလက်ထက်က နိုင်ငံတော်ပုန်ကန်မှုနဲ့ နှစ်ရှည်ထောင်ချခံရတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကတော့ ဖေဖော်ဝါရီဒုတိယပတ်က စစ်ကောင်စီဘက်ယိမ်းတဲ့ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဒီလိုအယူအဆကို တင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ “ဒီမိုကရေစီရဲ့ တံခါးပေါက်” ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်၊ အဲဒီကော်မရှင်ကို ဖွဲ့စည်းတဲ့ အစိုးရရဲ့ အနေအထားနဲ့ ဒီအကျပ်အတည်းကနေ ဘယ်လို ရုန်းထွက်ရမှာလဲဆိုတဲ့ ကျနော်တို့ရဲ့ ထွက်ပေါက်အပေါ်မှာ သဘောထားပေါ့။ အဲဒီအပေါ်ကို မူတည်ပြီးမှ ရွေးကောက်ပွဲကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ကျနော်တို့ ထပ်ပြီးတော့ နည်းဗျူဟာတို့ဘာတို့ ပြန်ချရမှာပေါ့” လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာရဲ့ အင်တာဗျူးအတွင်း ဒေါက်တာအေးမောင်က ပြောခဲ့တာကို Myanmar Now သတင်းဌာနက အင်တာဗျူးအတွင်း ပြန်လည်ကိုးကားဖော်ြပခဲ့ပါတယ် ။

ဒီယူဆချက်ဟာ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ် အာဏာလွှဲလိုက်ရုံနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းရာရောက်မယ်ဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ရဲ့အဓိကအားနည်းချက်ကတော့ ရွေးကောက်ပွဲဟာ တရားဝင် မြေပေါ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး လက်ရှိပြည်တွင်းစစ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ခြင်းမရှိတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လို့ပါပဲ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ရွေးကောက်ပွဲကို ဘယ်အချိန်ပဲလုပ်လုပ် စစ်တပ်ကဦးဆောင်ပြီး ကျင်းပနေသမျှကာလပတ်လုံး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့RFA သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ထောက်ပြပြောဆိုပါတယ်။

“သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအရလည်း မမျှတဘူး။ ပြီးရင် လုပ်တဲ့အနေအထား၊ ဦးဆောင်တဲ့သူရဲ့ နိုင်ငံရေးအရအကျိုစီးပွားနဲ့ ပဋိပက္ခတွေ ရှိနေတယ်။ ဒီအသွင်အပြင်အနေအထားအရ ရွေးကောက်ပွဲကတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICG ကလည်း ဒီအချက်ကို သိပ်မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ရပ်မှာ ထောက်ပြထားပါတယ်။ စစ်တပ်က ရွေးကောက်ပွဲတစ်ရပ်ကိုအတင်းအကျပ် အင်အားသုံးပြီး ကျင်းပမယ်ဆိုရင် ဒါကို ရတဲ့ နည်းနဲ့ ဆန့်ကျင်မယ်လို့ ကြွေးကြော်ထားတဲ့တော်လှန်ရေးအဖွဲ့တွေက ရွေးကောက်ပွဲပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ ပိုများလာနိုင်ပါတယ်။ ဒါကြောင့်ရွေးကောက်ပွဲတစ်ရပ် အတင်းအကျပ် ကျင်းပခြင်းဟာ သွေးထွက်သံယိုမှုတွေကိုသာ ပိုပြီး မြင့်တက်လာစေမယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို မထင်ဟပ်စေနိုင်ဘူးလို့လည်း ဆိုထားပါတယ်။

ICG ရဲ့အဆိုအရ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပုဂ္ဂလိက နိုင်ငံရေးရည်မှန်းချက်ဟာစစ်တပ်အင်စတီကျူးရှင်းတစ်ခုလုံးရဲ့ အကျိုးစီးပွား ရည်မှန်းချက်တွေနဲ့ ထပ်တူကျမနေပါဘူး။ အထူးသဖြင့်နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာကို လူတစ်ဦးတည်းက ချုပ်ကိုင်ထားလို့ မရအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ သူဟာ သမ္မတဖြစ်ချင်ရင် တပ်ချုပ်ရာထူးကို စွန့်လွှတ်ရမှာဖြစ်ပြီး တပ်ချုပ်အနေနဲ့ ဆက်ရှိနေရင် သူယုံကြည်စိတ်ချရတဲ့သူတစ်ဦးကို သမ္မတနေရာအတွက် ရွေးကောက်ခံရနိုင်တဲ့ အခြေအနေမျိုး ရွေးကောက်ပွဲကတဆင့်ဖန်တီးရမှာဖြစ်ပါတယ်။

ICG အဖွဲ့ရဲ့ အကြီးတန်းအကြံပေး ရစ်ချက်ဟိုဆီကတော့ BBC မြန်မာပိုင်းအစီအစဉ်နဲ့ အင်တာဗျူးတစ်ခုမှာစစ်တပ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“သူအရင်ကတည်းက ပြောခဲ့တဲ့စကားတွေ၊ သူလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို ကြည့်ရင် တစ်နေ့မှာသူဟာ သမ္မတနေရာကို ရယူပြီး နိုင်ငံရေးခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မျှော်မှန်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်ပြောခဲ့သလို populist ထောက်ခံမှုမျိုး သူ့မှာ မရှိကြောင်း၊ populist ထောက်ခံမှုမျိုး သူမရနိုင်ကြောင်း အခုအချိန်မှာ သူရိပ်စားမိနေပြီလို့ ထင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို သူ တတ်နိုင်သမျှအချိန် ဆွဲလာနေတာ ဖြစ်ပါတယ်” လို့ ရစ်ချက်ဟိုဆီက ပြောပါတယ်။

ဒါကြောင့်လည်း အရေးပေါ်ကာလ သက်တမ်းတွေ ဆက်တိုးပြီး လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေအတိုင်းအာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် ဆက်ရှိနေတာဟာ သူ့အတွက် အကောင်းဆုံးရွေးချယ်မှုလို့ ယူဆပုံရကြောင်းရစ်ချက်ဟိုဆီက ပြောပါတယ်။

“လက်ရှိမှာတော့ သူဟာ စစ်တပ်အပေါ် ချုပ်ကိုင်ထားနိုင်မှုကိုလည်း လက်လွှတ်စရာ မလိုသလို စစ်အစိုးရအဖွဲ့ရဲ့အကြီးအကဲအဖြစ်လည်း အစိုးရခေါင်းဆောင်နေရာကို ရနေပါတယ်။ ဒီအနေအထားအတိုင်း ကာလအတိုင်းအတာတစ်ခုအထိ ဆက်ပြီး ရှိနေမယ်ဆိုရင် … တစ်နေ့နေ့ တစ်ချိန်ချိန် ရွေးကောက်ပွဲလွန်ကာလကျရင် သူ့အတွက်အကောင်းဆုံး ဖြစ်နိုင်တဲ့ နေရာ ပေါ်လာနိုင်ဖို့ ကြိုးစား ဖန်တီးနိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင် တွေးထင်နေပုံရပါတယ်” လို့ သူကဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရည်မှန်းတာမဟုတ်ဘဲ စစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်ရဲ့နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးရတဲ့ ပုံစံကို ဦးတည်နေတာကြောင့် စစ်တပ်ကျင်းပဖို့ ရည်ရွယ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ပြည်တွင်းစစ်မီး ပဋိပက္ခကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပိုပြီးသာ ဆိုးရွားစေနိုင်မယ်လို့ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

တစ်နည်းအားဖြင့် ပြည်တွင်းစစ်အတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမယ့်အစား ပြည်တွင်းစစ်မီးမွှေးခဲ့သူ စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂလိကနိုင်ငံရေး ထွက်ပေါက်တစ်ခုသာ ဖြစ်ချင်ဖြစ်သွားနိုင်မယ့်အနေအထား ရှိနေပါတယ်။

*********************************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/kazoupBwT0Y

Website -> https://thanlwinkhet.net/?p=3459

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပုလဲမြို့နယ်တွင် တစ်ပတ်အတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ခံရ
Next Article ကော်ဘရာနှင့်Venom တို့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီအကျဆုံးများ
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • ရွှံ့နစ်နေသောကားထဲမှ မြန်မာ၄၁ ဦး ဖမ်းဆီးခံရ
  • ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း
  • ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်
  • ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး
  • အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှံ့နစ်နေသောကားထဲမှ မြန်မာ၄၁ ဦး ဖမ်းဆီးခံရ

ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း

ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်

ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှံ့နစ်နေသောကားထဲမှ မြန်မာ၄၁ ဦး ဖမ်းဆီးခံရ

June 23, 2025

ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း

June 23, 2025

ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်

June 23, 2025

ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး

June 22, 2025

အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ

June 22, 2025

ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်

June 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.