သဇင်
ဧပြီ ၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် နေအိမ်ပေါင်း ၁၀၀ကျော်မီးလောင် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ (၁)ရက်နေ့မှ ယနေ့ထိ ပုလဲမြို့နယ်အတွင်းက နေအိမ် ၁၃၀ မီးလောင်ပျက်စီးကာ အသက် (၇၀)ကျော်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများလည်းရှိသည်ဟု ပုလဲဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဒီနေ့လဲ သရက်ကန်ရွာက ရွာသား ၂ယောက်ကို ခေါ်သွားတယ်။ဧပြီလ၁ရက်နေ့တုန်း ကလဲ ကြောင်တန်းရွာကအမျိုးသား ၅ယောက်နဲ့ မုံဆိုင်းရွာက၆ယောက်ကို ဖမ်းသွားတယ်။ အဲ့ထဲက နှစ်ယောက်ကတော့ လမ်းမှာတင်ပြန်လွတ်လာတယ်။ကျန်တဲ့သူတွေကတော့ ဘာသတင်းမှမကြားရတော့ဘူး“ဟု ၎င်းကပြောသည်။
ထို့ပြင် ဧပြီလ(၂)ရက်နေ့တွင်လည်း အင်အား ( ၁၀၀ )ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် နှောကန်ကျေးရွာအား မီးရှို့ရာနေအိမ် (၁၃၀)ကျော်ရှိသည့်အနက် ( ၁၂၀ ) ခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီ(၅)ရက်နေ့ကလည်း ပုလဲနယ်၊မြိုင်နယ် အစပ်ရှိ M7 PDF စခန်းအား လေကြောင်း ကုန်ကြောင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ယင်းစခန်းပတ်ဝန်းကျင်က ကျေးရွာများမှ ပြည်သူများစစ်ဘေးရှောင်နေကြရသည်။
စစ်ကြောင်းထိုးမီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး လက်ရှိအချိန်တွင် ပုလဲမြို့နယ်က စစ်ဘေးရှောင်နေရသည့် ဒေသခံ တစ်သောင်းခန့် ရှိသည်ဟု ကူညီသူများက ပြောသည်။
ယခုနှစ် မတ်လ တစ်လအတွင်း စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရမှု အကြိမ်(၅၀)ရှိခဲ့ပြီး နေအိမ် (၃၁၀၇)လုံးပျက်စီးကာမီးရှို့ခံကသူ (၂၆) ဦးရှိပြီး ဘာသာရေး အဆောက်အဦး (၁) လုံးပျက်စီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရNUGက ထုတ်ပြန်ထားသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3459
Website ->https://eng.thanlwinkhet.net