သံလွင်ခက်
ဧပြီ ၇ ၊ ၂၀၂၃။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ Federal School of Aung Myay Thar Zan ကို ဦးဆောင်နေသူအပါအဝင် ဆရာ၊ ဆရာမ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်သည်။
အဆိုပါ ဆရာ၊ဆရာမများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက Federal School of Aung Myay Thar Zan ကို ဦးဆောင်သူ ဒေါ်အိရွှေစင်မြင့်ကိုမတ်လ ၂၂ ရက်နေ့ည ၁၁နာရီခွဲခန့်က ဖမ်းဆီးခေါ်ဆောင်သွားထားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကသံလွင်ခက်ကို ပြောသည်။
“အင်အား ၇၀ လောက်နဲ့ ရပ်ကွက်ကို ဝိုင်းပြီး ဦးဆောင်သူဆရာမအိမ် အနောက်ဘက်ဝင်းထပ် တံခါးကိုရိုက်ချိုးပြီးဝင်ပြီး ဖမ်းသွားတာ” ဟု ၎င်းကပြောသည်။
ဒေါ်အိရွှေစင်မြင့်ဖမ်းဆီးခံရပြီးနောက် အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် CDM ဆရာ၊ ဆရာမ ၁၄ ဦးကိုထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာများတွင် ဖော်ပြထားသည်။
ဖမ်းဆီးထားသည့် ဆရာ၊ ဆရာမ ၁၅ ဦးကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများနှင့်ပူးပေါင်းဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟုလည်းဆိုသည်။
၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၈ ရာခိုင်နှုန်း ကျောင်းဖွင့်နိုင်ခဲ့သည်ဟု ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာအွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားနေသည့် CDM ဆရာ၊ ဆရာမများကို စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် Kaung For You ကျောင်းတည်ထောင်သူ ဆရာ ဦးကောင်းသိုက်စိုး အပါအဝင် CDM ဆရာသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3425
Website ->https://eng.thanlwinkhet.net