Saw Smith
ဧပြီ ၇ ၊ ၂၀၂၇ ။
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ–ကော့ကရိတ်အာရှလမ်းမကြီးအား ယနေ့ဧပြီလ ၇ရက်မှ ၂၁ရက်ထိ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများက ပူးတွဲအမိန့်ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အား မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရထုတ်ပြန်ခြင်းဖြစ်ပြီး စစ်ကြောင်းမှူး ၅ဦး၊ ဒုစစ်ကြောင်းမှူး၁ဦး၊ ဗျူဟာမှူး၁ဦးနှင့်တပ်ရင်းမှူး၁ဦးတို့က လက်မှတ်ရေးထိုးထားသည်။
ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် ပြီးခဲ့သည့်မတ်လ၂၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားလျက် ရှိနေရာအဆိုပါတိုက်ပွဲများအတွင်း အထိနာနေသောစစ်ကောင်စီတပ်က မြဝတီ–ကော့ကရိတ် အာရှလမ်းမကြီးမှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မြဝတီ–ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊KNU/KNLA(PC)၊ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တို့မှတာဝန်ရှိသူများက ပူးတွဲအမိန့်ထုတ် ပြန်ထားသည်။
ပြီးခဲ့သော မတ်လ ၂၅ရက်ကဖြစ်ပွားခဲ့သော
မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် မဲကနယ်ရပ်ကွက်သစ်မှ ဒေသခံများမှာယနေ့ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု မဲကနယ်မှ အသက်၇၀ ကျော်အရွယ်အဘိုးကပြောသည်။
ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်တို့ဘက်တွင်အနည်းငယ်ငြိမ်နေသော်လည်း မြဝတီမြို့အနီး ၂၇၅ တပ်အနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြုလုပ်နေသည်ဟု မြဝတီမြို့ခံတစ်ကပြောသည်။
မြဝတီ–ကော့ကရိတ် အာရှလမ်းမကြီး မပိတ်မီယမန်နေ့၌ မြဝတီမှ ဘားအံသို့သွားခဲ့သည့် ခရီသည်တစ်ဦးလမ်းပိတ်ကြောင်း မကြေညာထားရသေးသော်လည်း အသွားအလာနည်းပါးနေပြီး စစ်ဆေးမှုများလည်းသိပ်မတွေ့ရဟု သံလွင်ခက်ကိုပြောသည်။
ဗီဒီယို–ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်စတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မြဝတီ–ကော့ကရိတ် အာရှလမ်းမ၌ ကားများပိတ်နေမှု ။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3422
Website ->https://eng.thanlwinkhet.net