Saw Smith
ဧပြီ ၇ ၊ ၂၀၂၃ ။
ရှမ်း–ကယားနယ်စပ် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းများဆက်တိုက်ထိုးလာနေသည့်အတွက်နေ့စဥ်နီးပါးတိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်များထံမှသိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ရက်မှစ၍တိုက်ပွဲဖြစ်ပွားနေသည့် ပင်လောင်းမြို့နယ်တွင် ယခုလအစပိုင်း၌လည်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။
” စစ်ကောင်စီက သူတို့နယ်မြေစိုးမိုးမှုတွေပြန်ရဖို့ စစ်ကြောင်းတွေ ဆက်တိုက်ထိုးလာတယ်ပေါ့နော်။ ဒီ့မတိုင်ခင်ဟိုးအရင်က သူတို့ရောက်ခဲ့တဲ့နေရာတွေအထိ သူတို့ပြန်တက်လာတဲ့ အနေအထားရှိတယ်ပေါ့နော် “ဟု ပင်လောင်းတိုက်ပွဲ ၌ ပူးပေါင်း ပါဝင်တိုက်နေသည့်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် DMO ၁၁၀၆တပ်ရင်းတာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်ဘက်က ပင်းလောင်းမြို့နယ်အတွင်းကို စစ်ကြောင်းနှစ်ကြောင်း၊သုံးကြောင်းခွဲ၍တက်လာနေခြင်းဖြစ်ပြီး အင်အား ၅၀၀ ခန့်အထိရှိနိုင်ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်များက ခန့်မှန်းပြောဆိုသည်။
ပင်လောင်းမြို့နယ်တွင် နမ့်နိန်းကျေးရွာအနီးတဝိုက်မှ လုံးပျဥ်၊ တောင်စလုံး၊ မြောက်စလုံးကျေးရွာများ တစ်ကျောတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ စစ်ကောင်စီက စစ်ကြောင်းအဆက်မပြတ်ထိုးမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုကို ယခင်ကထက်ပိုလုပ်ဆောင်လာသည်။
” အခုရက်ပိုင်းကတော့ တိုက်ပွဲကတော့ဆက်တိုက်ဆိုသလိုပဲ ။ စစ်ကြောင်းတွေကအမြဲထိုးလာတာရှိတယ်။လေကြောင်းကတော့ အရင်ကထက်ပိုသုံးလာတယ် “ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF -KKတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြောင်းတိုက်ခိုက်မှုများသည် ကျေးရွာများပါမချန်ပြုလုပ်နေသောကြောင့် နမ့်နိန်း၊ဗွာလ၊တောင်မဲသင်း၊ လုံးပျဥ်၊ပင်ပုံ၊ ခေါင်အိ၊ တောင်စလုံး၊ မြောက်စလုံးစသည့်ကျေးရွာများအပါအဝင် ကျေးရွာ၁၀ရွာခန့်မှ ပအိုဝ်းဒေသခံ ၅၀၀၀ ဦးဝန်းကျင်ထိဘေးလွတ်ရာထွက်ပြေးနေကြရသည်။
စစ်ကောင်စီသည် ရှမ်း–ကယားနယ်စပ် ပင်လောင်း၊ ဖယ်ခုံမြို့နယ်များနှင့်ကရင်နီပြည်နယ်အတွင်းကို စစ်ကြောင်း၁၀ ကြောင်းကျော်အထိခွဲ၍ ပြီးခဲ့သည်ဖေဖော်ဝါရီလကတည်းက ယခုလအထိဆက်တိုက်တိုက်ထိုးစစ်ဆင်နေသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3428
Website ->https://eng.thanlwinkhet.net