ယမင်းဖူးပွင့်အောင်
ဧပြီ ၇၊ ၂၀၂၃။
တပ်မတော်ပိုင်မီဒီယာများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအာဏာတည်မြဲရေးအတွက် မမှန်သတင်းများဖြင့်ဝါဒဖြန့်ပေးနေသည်ဟု (Media Information Literacy) မီဒီယာသတင်းအချက်အလက် အသိပညာဖြန့်ဝေမှုလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“တပ်မတော်ပိုင်မီဒီယာတွေက ပြည်သူတွေကို အဆိပ်သင့်တဲ့ သတင်းအချက်အလက်တွေကျွေးပြီး သူတို့ရဲ့အာဏာတည်မြဲဖို့အတွက် ဝါဒမှိုင်းတိုက်နေတယ်” ဟု ၎င်းကပြောသည်။
၂၀၂၁ သြဂုတ်လတွင် နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုများဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီပြန်လပ်မှုမရှိဆိုသည့် ပြောဆိုမှုကို ၂၀၂၂ သြဂုတ် ၁၅ ရက်နေ့ထုတ် မြဝတီ ၊မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လူမှု စီးပွါးရေး ကျဆင်းနေပြီး အလုပ်လက်မဲ့များဖြစ်လာသည်ကို နိုင်ငံတကာစစ်တမ်းများကဖော်ပြနေသော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၁–၂၀၂၂ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၆ လ သက်တမ်းကာလတွင်တိုင်းပြည်စီးပွားရေး ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အပြင် ၂၀၂၂–၂၃ ဘဏ္ဍာရေးမှာလည်း ၃ ဒသမ ၄ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ယင်းပြောဆိုချက်များကိုလည်း စစ်ကောင်စီ ထိန်းချုပ် နိုင်ငံပိုင်မီဒီယာများနှင့် ၎င်းတို့ကိုထောက်ခံသည့်သူများကလူမှုကွန်ရက်များတွင် ဖော်ပြသည်။
ကိုဗစ်တတိယလှိုင်းတွင် အောက်စီဂျင်အိုးများ ဈေးတက်ခြင်းသည် လူထုက မလိုအပ်ဘဲ အောက်စီဂျင်ဖြည့်နေခြင်းကြောင့်ဖြစ်ပြီး အမှန်တကယ်လိုအပ်သူများ သက်ဆိုင်ရာနယ်မြေ ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက်ဖြင့်လိုသလောက်ရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
သို့သော်လည်း ကိုဗစ်တတိယလှိုင်းတွင် ထိန်းချရခက်ပြီး သုသာန်များတွင် သင်္ဂြိုဟ်ဖို့ရောက်လာသည့်အလောင်းများကို စုပြုံ သင်္ဂြိုဟ်ရသည်အထိ မြင့်တက်ခဲ့သည်။
အဆိုပါအချက်များကို ကြည့်ခြင်းဖြင့် စစ်ခေါင်းဆောင်အလိုကျ ပုံဖော် ဝါဒဖြန့် ဆောင်ရွက်ပေးနေသည်မှာ သိသာသည်ဟု မီဒီယာသတင်းအချက်အလက် အသိပညာဖြန့်ဝေမှု လုပ်ဆောင်နေသူများက ထောက်ပြသည်။
စစ်ခေါင်းဆောင်ကမူ ၎င်းထိန်းချုပ်ထားသည့် မီဒီယာများမှအပ အချို့သောသတင်းမီဒီယာများသည်တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ဆောင်ရွက်နေသည်ဟု ပြောသည်။
“ တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေး ကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက် နေကြသည်ကိုတွေ့ရပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင် မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်များနှင့်တုံ့ပြန်လုပ်ဆောင်ရမည်” ဟုယမန်နေ့က ပြုလုပ်သည့် မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင်ပြောသည်။
သတင်းစာဆရာများအနေဖြင့် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုကို အခြေခံပြီး ပြည်သူများကိုသတင်းအမှန်ချပြရမည့်တာဝန်သာရှိပြီး မည့်သည့်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်မှမရှိစေရဟု ပုဂ္ဂလိကဂျာနယ်တွင် ၇ နှစ်တာဝန်ထမ်းဆောင်ခဲ့သည့် အယ်ဒီတာဟောင်းတစ်ဦးက မှတ်ချက် ပြုသည်။
အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၁၄ ခုအထိ ရှိပြီး စာပေတိုက်လေးခုနှင့် ပုံနှိပ်တိုက်နှစ်ခု၊ စုစုပေါင်း ခြောက်ခုကိုလည်း စစ်ကောင်စီဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းထားသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၃ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ကာ သေဆုံးသူ ၃ ဦးရှိခဲ့သည်။
ဆက်လက်ဖမ်းဆီးခံထားရသော ၅၈ ဦးထဲမှ ၁၉ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရပြီး ကျန် ၃၉ ဦး ထဲမှ အများစုသည် အကျဉ်းကျနေသည်မှာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်ဟု သုတေသနစစ်တမ်းများကောက်ယူနေသည့်ISP Myanmar၏ ထုတ်ပြန်ချက်အရ သိရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3417
Website ->https://eng.thanlwinkhet.net