Saw Smith
ဧပြီ ၇ ၊ ၂၀၂၃။
တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှ ၈၅ ဦးထက်မနည်းသေဆုံးသည်ဟု Lion Battalion ဗျူဟာစစ်ကြောင်းကသတင်းထုတ်ပြန်သည်။
ရွှေကုက္ကိုလ်မြို့သစ်အနီး ထီးဝါးပလော၊ ထီးကော်ထော်ကျေးရွာများအတွင်း KNLA၊ KNDO၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ BGFတပ်တို့ ဧပြီ ၅ရက် နံနက် ၅နာရီခွဲအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဧပြီလ ၅ရက်နှင့်၆ရက်တို့တွင် စစ်ကောင်စီနှင့်BGFတပ်သားများ သေဆုံးသည့်အပြင် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ပြင် စစ်ကောင်စီနှင့်BGFတပ်စခန်း ၅ ခုကိုသိမ်းပိုက်ထားနိုင်ပြီး လက်နက်မျိုးစုံ၇၅လက်အားသိမ်းဆည်းရရှိခဲ့သည်။ သိမ်းပိုက်ရရှိသည့်စခန်းများကို ပူးပေါင်းအဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲစဖြစ်ပွားသည့်နေရာသည် ရွှေကုက္ကိုလ်မြို့သစ်နှင့် ၆မိုင်ကျော်၇မိုင်ခန့်ကွာဝေးသည့် နေရာတွင်ရှိပြီး
တိုက်ပွဲစဖြစ်သည့်နေမှစ၍ မြို့တွင်းရှိ တရုတ်ကာစီနိုရုံများကို လုံခြုံရေးတိုးမြင့်ချခြင်းနှင့်အပြင်မထွက်ခိုင်းခြင်းများရှိနေသည်ဟု မြို့ခံ ပြည်သူတစ်ဦးကပြောသည်။
ထို့ပြင် မြို့တွင်းနေရာတချို့ကိုလက်နက်ကြီးကျရောက်မှုများရှိပြီး တိုက်ပွဲဖြစ်ပွားမှုမှာ မြို့တွင်းနှင့်ပိုမိုနီးကပ်လာသည့်အခြေအနေရှိကြောင်းနှင့်ရွှေကုက္ကိုလ်မြို့ထဲသို့ဆက်သွယ်ထားသည့် တံတားတစ်ခုလည်းကျိုးပျက်သွားသည်ဟု ၎င်းက ယနေ့နံနက်အစောပိုင်း၌ သံလွင်ခက်ကိုပြောသည်။
ရွှေကုက္ကိုလ်မြို့တွင်းရှိ တရုတ်လုပ်ငန်းခွင်တစ်ခုတွင်း၌ အလုပ်လုပ်နေသူအမျိုးသားတစ်ဦးက
” အပြင်တော့ မထွက်ဖြစ်ဘူးအကိုပေါ်တာဆွဲတယ်ဘာညာ ကောလာဟလ ကြားနေလို့။ ကုမ္ပဏီကလည်း မထွက်ခိုင်းဘူး။ တိုက်ပွဲကတော့ကြာဦးမယ့်ပုံပဲ။ ရှောင်တာတော့မရှောင်သေးဘူး “ဟု ပြောသည်။
ရွှေကုက္ကိုလ်မြို့တွင် ကာစီနိုရုံနှင့်လောင်းကစားဝိုင်းများကိုတရားဝင်ဖွင့်လှစ်ထားပြီး တရုတ်ကုမ္ပဏီများရှိသည့်ထိုင်း–မြန်မာနယ်စပ်မြို့သစ်အဖြစ် လူသိများသည်။
ရွှေကုက္ကိုလ်မြို့သစ်တွင် တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ မြို့အဝင်အထွက်လမ်းများအားလုံးကို ကရင်နယ်ခြားစောင့်တပ် BGFက ပိတ်ဆို့ထားသည်ဟု သိရသည်။
တိုက်ပွဲစဖြစ်သည့်နေ့မှစပြီး ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ကျေးရွာ၁၀ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားရာ ရွှေကုက္ကိုလ်မြို့သစ်ဒေသတွင် လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပထမဆုံးအကြိမ်တိုက်ပွဲများစတင်လာခြင်း ဖြစ်သည်။
အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ထိ KNU နှင့် စစ်ကောင်စီကြား တိုက်ပွဲပေါင်း ၇၅၈၇ ကြိမ် ဖြစ်ပွားခဲ့သည်။
ယခုနှစ် ၂၀၂၃ အတွင်း၌လည်း KNUတပ်မဟာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် တိုက်ပွဲပေါင်း ၈၅၄ ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုကသတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မတ်လတွင်လည်း မြဝတီမြို့ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ ကျုံဒိုး၊ ကော့ကရိတ်စသည့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3409
Website ->https://eng.thanlwinkhet.net