သံလွင်ခက်။
ဧပြီ ၅ ၊ ၂၀၂၃။
စစ်ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ယနေ့ KNUက ပထမအကြိမ် ပြုလုပ်သည့် ” မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KNU ၏ စစ်ဘေးရှောင်ပြည်သူများ ကာကွယ်၊ ထောက်ပံ့နေသည့်အခြေအနေများအပေါ် သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ နယ်စပ်တကျောမှာရှိနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လုပ်နိုင်တယ်ဆိုတာကလည်း တော်တော်များများ အားရစရာရှိတယ်ဆိုပေမယ့် ဖူလုံမှု လုံးဝမရှိပါဘူး။ ဒါပေမယ့် အဲဒီယန္တရားတစ်ခုစနစ်တစ်ခုကို ပိုပြီးအားကောင်းအောင်ဆက်လက်လုပ်သွားမယ်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး အကူညီပေးရေးကိစ္စကိုတော့ ဒီထပ်အားကောင်းအောင် ဆက်ကြိုးစားသွားမယ် ” ဟု ဆိုသည်။
ထို့ပြင် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖိုရမ် Inclusive Humanitarian Forum ( IHF )ကို အကောင်ထည်ဖော်ကာ နိုင်ငံတကာအဖွဲ့စည်းများပါဝင်ကူညီနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု၎င်းက ဆက်ပြောသည်။
တဆက်တည်းတွင် ယနေ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာရွှေကုက္ကိုဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံများသည် ထိုင်းဘက်ခြမ်းနှင့် ဘေးလွတ်ရာနေရာများကို ထွက်ပြေးနေကြရသည်။
အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်များအနေဖြင့် KNU နယ်မြေအတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၉ မျိုးကို ကျူးလွန်ထားသည်ဟု KNU ကဆိုသည်။
ပြည်သူလူထုကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း အကြိမ် ၂၃၀ ၊ ပြည်သူလူထုကိုဖမ်းဆီးခြင်း အကြိမ်၈၀၊ ပြည်သူလူထုကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ၄၄ ကြိမ်၊ ကျေးရွာနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း ၇၅၈ ကြိမ် စသည့် ကျုးလွန်မှုများအပါအဝင် အမျိုးအစား ၁၉ မျိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကကျူးလွန်ခဲ့သည်ဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ KNU နယ်မြေအတွင်း တိုက်ပွဲပေါင်း ၇၅၈၇ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ၃၆၅,၁၈၇ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ရွှေကုက္ကိုဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများမြင်ကွင်း။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3384
Website ->https://eng.thanlwinkhet.net