ယမင်းဖူးပွင့်အောင်
ဧပြီ ၅၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် ကျေးငှက်တိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းကို ကာကွယ်နိုင်ရေးအတွက် သစ်ပင်များတွင် ငှက်အိမ်ချိတ်ဆွဲရန် ဒေသခံများက စီစဉ်ဆောင်ရွက်နေသည်ဟု ပြောဆိုသည်။
လက်ရှိဆောင်ရွက်မှုအနေဖြင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင် ငှက်အိမ် အလုံးရေ ငါးရာခန့် ချိတ်ဆွဲနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဆောင်နေသူများက ပြောသည်။
ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည့် စိတ်ထားရှိစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု စီစဉ်ဆောင်ရွက်သူ စာရေးဆရာ ကိုအောင်ဇေမင်းက သံလွင်ခက်ကိုပြောသည်။
ရခိုင်ပြည်နယ်တွင် ငှက်ခါး၊ အောက်ချင်းငှက်၊ စွန်ရဲ အပါအဝင် လင်းယုန်ငှက်အမျိုးအစားတစ်မျိုး စသည်ဖြင့်ငှက်မျိုးစိတ်အချိူ့ မျိုးတုံးပျောက်ကွယ်လာသည်ကို သတိထားမိ၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ကိုအောင်ဇေမင်းက“ငှက်အိမ်ကို အပင်တစ်ပင်မှာ မြင်မယ်ဆိုရင် ဒီအပင်မှာ ဒီတောင်တန်းမှာနေတဲ့ငှက်လေးတွေ၊ သူတို့ရဲ့ သိုက်မြုံတွေ အိမ်တွေဖြစ်နေပါလားဆိုတာကို မြင်ပြီးတော့ ကျေးငှက်ကလေးတွေကို ကာကွယ်လိုချင်တဲ့စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုတဲ့စိတ်၊ သဘာဝပတ်ဝန်းကျင်ရဲ့ ဂေဟစနစ်တွေကိုပါ လူတွေက အသိပညာဝင်လာပြီ:တော့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ အထောက်အကူဖြစ်အောင် သတင်းစကားတွေ ပေးရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါတယ်” ဟု ပြောသည်။
ငှက်မျိုးစိတ်အများစုသည် လူတို့၏ လေသေနတ်များဖြင့် အပျော်တမ်းပစ်ခတ်ဖမ်းဆီးခြင်းနှင့် သစ်တောများပြုန်းတီးခြင်း စသည့်အကြောင်းအရင်းများကြောင့် မျိုးသုဉ်းပျောက်ကွယ်လာရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများက သုံးသပ်သည်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတစ်ဦးက “လေသေနတ်ရှိတာကို ထိန်းချုပ်ဖို့လိုတယ်။ ငှက်တွေကို မပစ်ဖို့စည်းမျဉ်းစည်းကမ်းတွေလုပ်ဖို့လိုတယ်။ငှက်တွေကို ဆေးချပြီး ကျွေးကြတာကိုလည်း ထိန်းကွပ်ရမယ်။ သစ်ခုတ်တာကြောင့်လည်း သစ်တောတွေပြုန်းတီးပြီး ကျေးငှက်တိရစ္ဆာန်တွေအခက်အခဲဖြစ်လာတယ်။ ဒါ့ကြောင့် စာသင်ကျောင်းတွေမှာ သစ်ပင်တွေကိုချစ်ဖို့၊ ကျေးငှက်လေးတွေကိုချစ်ဖို့ ထည့်သင်ပေးရမယ်” ဟု ပြောသည်။
ငှက်အိမ်များသည် သစ်နဲ့ ဝါးကို အခြေခံအသုံးပြုတည်ဆောက်ထားခြင်းဖြစ်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာတွင် ပြန်လည်ဖော်ပြလိုက်သည့်အခါတွင် ငွေအား၊ လုပ်အားဖြင့် ပါဝင်ကူညီလာသူများရှိလာသည်ဟု ဆိုသည်။ ပူးပေါင်းပါဝင်ချင်သူများ များပြားလာသည့်အခါတွင်လည်း သစ်တောမပြုန်းတီးရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဆောင်သူများကပြောသည်။
ယင်းကဲ့သို့ အစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် ချင်းတောင်တွင် တစ်နိုင်တစ်ပိုင် စတင်ချိတ်ဆွဲ အကောင်ထည်ဖော်ခဲ့ဖူးသည်။
ပုံစာ-ရခိုင်ပြည်နယ်တွင် အကောင်ထည်ဖော်နေသည့် ငှက်အိမ်တစ်လုံး မြင်ကွင်း။
Photo-ပေးပို့။
*******************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3384
Website ->https://eng.thanlwinkhet.net