သံလွင်ခက်။
ဧပြီ ၅၊ ၂၀၂၃။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးလာသည့် သံခွံအမျိုးအစားရေယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်က အပစ်ခံရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထပ်မံအတည်ပြုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးခန့် လိုက်ပါလာသည့် ရေယာဉ်သည် ထီးချိုင့်မြို့မှ ကသာဘက်သို့ဆန်တက်လာခြင်းဖြစ်ပြီး ကျောက်မှော်ကျေးရွာထိပ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကသံလွင်ခက်ကို ပြောသည်။
“ ဟိုဘက်ကတော့ တစ်ယောက်သေပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ သူတို့ ဘက်ကရွာထိပ်ဘက်ကို ပြန်ပစ်တယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျောက်မှော်ကျေးရွာရှိရာဘက်သို့ တစ်နာရီခန့်ကြာ ပစ်ခတ်ခဲ့သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပြင်စစ်ကြောင်းသာမက လေကြောင်းများဖြင့်ပါ စစ်ရေးလှုပ်ရှားနေပြီး သံလွင်ခက်စစ်တမ်းများအရလွန်ခဲ့သည့် တစ်ပတ်အတွင်း လေကြောင်းပစ်ခတ်မှု ငါးကြိမ်ပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ငယ်ပစ်ခံရသောကြောင့် တစ်ပတ်အတွင်း ကျေးရွာဒေသခံ ပြည်သူ ခြောက်ဦး သေဆုံးခဲ့သည်။
ထို့ပြင်ညောင်ပင်သာကျေးရွာက နေအိမ် ၃၀၀ လုံး၊ မယ်ဇလီကျေးရွာက နေအိမ် ၃၀ လုံးအပါအဝင် ရတနာအောင်ကျေးရွာက နေအိမ် ၆ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ခု ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
ထီးချိုင့်မြို့နယ်တွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ကျွန်းကြီးကုန်းကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် မယ်ဇလီကျေးရွာအပါအဝင် ကျီးကန်းဒေါင့် ကျေးရွာက ဒေသခံ တစ်ထောင်ကျော်ခန့် တိုက်ပွဲတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကူညီသူများက ပြောသည်။
ပုံစာ – ကနီမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ ရိက္ခာတင်ရေယာဉ် ၁စီး / ပုံ – အဟောင်း
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3380
Website ->https://eng.thanlwinkhet.net