သံလွင်ခက်။
ဧပြီ ၄ ၊ ၂၀၂၃။
မီးမမှန်သည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ် စက်သုံးဆီများကို အကန့်သတ်ဖြင့်ဝယ်ယူနေရသည့်အတွက် မီးစက်အသုံးပြုနေသူများ အခက်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
ယခင်က မီးစက်များတွင် ထည့်သွင်းအသုံးပြုရန် သံပုံးများဖြင့် သွားရောက်ဝယ်ယူနိုင်သော်လည်း ယခုအခါ မရရှိတော့ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
၎င်းက ” အရင်ကဆို သံပုံးနဲ့ သွားဝယ်လို့ရတယ်။ အခုက အဲ့လိုတောင် ဝယ်မရတော့ဘူး ။ တချို့ လုပ်ငန်းသုံးတွေဆိုရင် ဆီအတွက် စာတင်ရတယ်ပြောတယ်။ ဆိုလာကြတော့လည်း အထပ်နိမ့်တွေအတွက် အဆင်မပြေဘူး စျေးကလည်း ကြီးတယ် “ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင်တချို့တွင် ကားတစ်စီးလျှင် ဒီဇယ်စက်သုံးဆီ သုံးသောင်းဖိုးသာ ဝယ်ယူခွင့်ရသည်ဟု အငှားယာဉ်မောင်းတစ်ဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
ဆီကို လောက်ငှအောင်မချပေးသည့်အတွက် ယခုကဲ့သို့ အကန့်သတ်ဖြင့် ရောင်းနေရခြင်းဖြစ်သည်ဟု ရန်ကုန်တွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်း ” ဘာလို့ အကန့်သတ်နဲ့ ရောင်းနေရလဲဆိုရင် ဥပမာ သူတို့က တစ်ရက် လီတာ ၂၀၀၀ ရောင်းရတဲ့ဆိုင်ကို တစ်ပတ် လီတာ ၂၀၀၀ ပဲပေးတယ်။ မှောင်ခိုစျေးနဲ့ ဝယ်လို့ရတာမျိုးရှိတယ်။ စျေးက တပီပါကို ၁ သိန်းခွဲကွာတယ်။မှောင်ခိုစျေးနဲ့ ရောင်းတဲ့ ဆိုင်ဆိုရင် ကြိုက်သလောက်ဝယ်လို့ရတယ် ” ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် စက်သုံးဆီ ပြတ်လတ်မှုအခြေအနေများအပြင် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ချက်ပြုတ်ရေးလုပ်ငန်းများလည်း နေ့စဉ်ကြုံတွေ့နေရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီ အမျိုးအစားများအလိုက် ပုံမှန် စိစစ်တင်သွင်းဆောင် ရွက်လျက်ရှိပြီး ဆီဂါလံများ တင်ဆောင်လာသည့် သင်္ဘောများသည်လည်း ထပ်မံဆိုက် ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိသည်ဟု ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်း၌ ထုတ်ပြန်ခဲ့ဖူးသည်။
အာဏာသိမ်း ၂ နှစ် ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီး အချိန်ပြည့်နီးပါး ပြတ်တောက်သည့် နေရာဒေသများရှိသလို နာရီပိုင်းမှသာ လျှပ်စစ်မီး ရရှိသည့် အခြေနေများကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုကို ရင်ဆိုင်နေရသည်။
ပုံစာ – ရန်ကုန်မြို့တွင်း၌ မြင်တွေ့ရသည့် စက်သုံးဆီဆိုင် / ပုံအဟောင်း
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3361
Website ->https://eng.thanlwinkhet.net