ကောင်းချစ်အောင်
ဧပြီ ၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ တက္ကသိုလ်ဂိတ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကိုသွားရောက်တိုက်ခိုက်ရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
အဆိုပါဂိတ်အား ကားဖြင့်သွားရောက်ပစ်ခတ်ရာတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ်သုံးဆယ်ခန့်ကြာမြင်ခဲ့ပြီး ကားပေါ်ရှိရဲဘော်နှစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ရသည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက သံလွင်ခက်ကိုပြောသည်။
“ပစ်ပြီးပြန်အဆုတ် ကားပေါ်ရောက်တော့မှ ကင်းထဲက မသေဘဲကျန်တဲ့ကောင်ကလှမ်းပစ်တာ ကျည်ထိပြီးပွဲချင်းပြီးကျသွားတာ“ဟု ၎င်းကပြောသည်။
ကျဆုံးရဲဘော်များမှာ ပြည်သူ့တော်လှန်ရေးတပ်ဦးမှ အသက်၂၀နှစ်အရွယ် ရဲဘော်ဝဿန်နှင့် ရွှေဘိုအခြေစိုက်Burma Rangersမှအသက်၂၂ နှစ်အရွယ် ရဲဘော်ဟိန်းသူစိုး(ခ) ပေါက်စတို့ဖြစ်သည်။
ဗကသကျောင်းသားရဲဘော်တစ်ဦးဖြစ်သည့် ကိုဝဿန်သည် ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ပထမဆုံးကျဆုံးသည့်ရဲဘော်ဖြစ်ပြီး ယမန်နေ့ညနေပိုင်းက အခမ်းအနားဖြင့် သဂြိုလ်ခဲ့သည်ဟု ရဲဘော်လွန်းညီကပြောသည်။
ထို့အတူ ရဲဘော်ပေါက်စကိုလည်း ယမန်နေ့ နေ့လယ်၁၂နာရီခန့်က အခမ်းအနားဖြင့် သဂြိုလ်ခဲ့သည်ဟု သိရသည်။
ရွှေဘို တက္ကသိုလ်ဂိတ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာပြည်သူများအားအနိုင်ကျင့် ငွေညှစ်တောင်းရမ်းနေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့သည်ဟု Burma Rangers သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီကပြောသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3367
Website ->https://eng.thanlwinkhet.net