ဧပြီ ၄ ၊ ၂၀၂၃ ။
ကေအဲန်ယူ၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာတွင်ပြီးခဲ့သောမတ်လအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်BGF တပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ–မူတြော် သတင်းကဖော်ပြထားသည်။
KNLA-အမှတ်(၅)တပ်မဟာသည် စစ်ကောင်စီတပ်၊BGF(နယ်ခြားစောင့်တပ်)တို့နှင့်ပြီးခဲ့သောမတ်လတွင် ထိတွေ့တိုက်ပွဲပေါင်း၁၉၀ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်နှင့်BGFတပ်တို့မှ ၉၂ဦးသေဆုံး၍ ၄၅ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်၏သေဆုံးမှုစာရင်းထဲတွင် တပ်ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီး၂ဦးပါဝင်သည်။
ထို့ပြင် KNLA-အမှတ်(၅)တပ်မဟာမှ စစ်ကောင်စီတပ်၏ စစ်သုံးမော်တော်ယာဉ်၃စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကိုဖျက်ဆီးနိုင်ခဲ့သည်။
ပြီးခဲ့သောမတ်လအတွင်းတိုက်ပွဲများတွင် KNLA-အမှတ်(၅)တပ်မဟာ ရဲဘော်၄ဦးကျဆုံး၍ရဲဘော် ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၂ကြိမ်ဖြင့် ဗုံးဆံ၁၆လုံးကြဲချခဲ့ပြီး လက်နက်ကြီးများဖြင့် ၁၄၂ လုံးပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၍ပြည်သူ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်နှင့်BGFတပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေပြီး ၉၇၂ ဦး ဒဏ်ရာရခဲ့သော ကေအဲန်ယူတပ်မဟာ နယ်မြေတွင် ယခုနှစ်စပိုင်း သုံးလအတွင်း၌ တိုက်ပွဲပေါင်း၄၄၇ ကြိမ်ဖြစ်ပွားထားသည်။
ယခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄၇ဦးသေဆုံး၍၅၅ဦးဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း၌တိုက်ပွဲပေါင်း၁၇၈ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၆၉ဦးသေဆုံး၍၄၉ဦးဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေသည့် ကေအဲန်ယူတပ်မဟာ၅နယ်မြေတွင် ပြီးခဲ့သည့်မတ်လကုန်းပိုင်း၌မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က လေကြောင်းမှလာရောက်တိုက်ခိုက်နေရာ ဒေသခံများယခုလအတွင်း၌ မကြာခဏဘေးလွတ်ရာရှောင်ပြေးနေကြရသည်ဟု သိရသည်။
ပုံစာ–စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ၅နယ်မြေအတွင်းရှိဒေသခံများရှောင်တိမ်းနေရမှု။
ဓာတ်ပုံ-Karen Unity Hope
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3358
Website ->https://eng.thanlwinkhet.net