သံလွင်ခက်။
ဧပြီ ၃ ၊ ၂၀၂၃။
စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ ဒေသခံ သုံးသောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုယင်းဒေသခံများထံမှ သိရသည်။
ကလေးမြို့၊ မြောက်ပိုင်း လက်ပံချောင်း၊ မြောက်ချော ၊ ချင်းစု ၊ ပျဉ်းတောဦး ၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ပြည်တော်သာ၊ ရာဇဂြိုဟ်၊ ဆည်ကြီးစသည့် ကျေးရွာများမှ ဒေသခံ ပြည်သူ သုံးသောင်းကျော်သည် နီးစပ်ရာတောတောင်များနှင့် မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
မတ်လ ၃၁ ရက်နေ့မှစတင်ကာ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ညောင်ကုန်းဒေသခံ အမျိုးသားတစ်ဦးက ” သူတို့လက်နက်ကြီးတွေ ပစ်တဲ့အခါကြတော့ ပေါက်ကွဲတာတွေက ရွာနားလေးမှာပဲဖြစ်တယ်။ နောက်ပြီး ဗုံးကွဲတဲ့ အစတွေ လာစင်တဲ့ အခါကြတော့ မနေရဲကြတော့တာ ” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှစတင်ကာ ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းရွာနှင့် ချမ်းသာကြီးရွာဘက်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးအဖွဲ့များက ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
ဧပြီ ၂ ရက်နေ့တွင်လည်း ညောင်ကုန်းနှင့် မင်းလှကျေးကြားသို့ စစ်ကောင်စီတပ်က MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ရာ ၄ ရက်မြောက်နေ့(ယနေ့)အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု ကလေးမြို့ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၂မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” ၃၁ ရက်ကစပြီး တိုက်ပွဲစတယ်။ အခု လေးရက်မြောက်ရှိပြီ။ မနေ့ကလည်း Mi 35 နှစ်စီးနဲ့ပစ်လာတာရှိသလို ပြီးခဲ့တဲ့ ရက်ကလည်းတစ်စီးနဲ့ လာပစ်တာရှိတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိမယ့် နေရာကို ခန့်မှန်းပြီးလာပစ်တာ “ဟုဆိုသည်။
ထိခိုက်သေဆုံးမှု အခြေအနေများကို အတိအကျမသိရသေးသော်လည် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကလေးမြို့မြောက်ပိုင်းဒေသရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းအပြင် ကလေးမြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ ယနေ့အထိ နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု ကလေးမြို့ခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ပင်လုံရပ်ကွက်ထဲက အမြောက်တပ်နဲ့ အောင်သစ္စာထဲရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ )တပ်ကနေ ပစ်နေကြတာ။ တစ်နေ့ကို အကြိမ်ရေ နှစ်ဆယ်လောက်ပစ်တယ် ” ဟုဆိုသည်။
စစ်အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များကြောင့်စစ်ကိုင်းတိုင်းက ဒေသခံ ၇၉၄,၂၂၈ ဦးထက်မနည်း စစ်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တနိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။
အဆိုပါ ပမာဏသည် စစ်ကိုင်းတိုင်းက လူဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP – Myanmar က ထုတ်ပြန်ထားသည်။
ပုံစာ – ကလေးမြောက်ပိုင်းကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေသည့် မြင်ကွင်း
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3339
Website ->https://eng.thanlwinkhet.net