သဇင်
ဧပြီ ၃၊ ၂၀၂၃။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်) အလုပ်သမား ၁၀၆၀ ဦး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီသူများကပြောသည်။
မတ်လ ၃၀ ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာငွေကျပ် သိန်းလေးဆယ်ကျော် အကုန်ကျခံကာ MOU ဖြင့်လာရောက်ခဲ့သော်လည်း လေးလအကြာတွင်ယခုကဲ့သို့ အလုပ်ထုတ်ခံရသည့် အတွက် အခက်ခဲများစွာရှိနေသည်ဟု အလုပ်သမားများကသံလွင်ခက်ကိုပြောသည်။
အလုပ်ထုတ်ပယ်ခြင်းခံရသည့် မြန်မာအလုပ်သမတစ်ဦးက“အကြွေးတွေတောင်မကျေသေးဘူး။နောက်မှာမိသားစုတွေကလဲကျန်နေသေးတယ်။ အလုပ်ရှင်ဘက်ကတော့ ဘိုင်ကျန့်အော် (အလုပ်ထွက်ကြောင်းထောက်ခံစာ) ထုတ်ပေးမယ်လို့တော့ပြောတယ်။ဒါပေမယ့် အဲ့ဒီဘိုင်ကျန့်အော်ကလဲ ၁၅ ရက်ပဲအကျုံးဝင်မှာ ၁၅ ရက်တွင်းအလုပ်ရှာမရရင် အဆင်မပြေဘူး။ညီမတို့ကိုအလုပ်ထုတ်ထားတာက တစ်ထောင်ကျော်ဖြစ်တဲ့အတွက် ဘယ့်နေ့ရမယ်ဆိုတာလည်းမသိသေးဘူး“ဟု ပြောသည်။
လတ်တလောတွင် နောက်ဆုံးလက်ကျန်ငွေဖြင့် စားဝတ်နေရေး ဖြေရှင်းနေရပြီး သတ်မှတ်ချိန်အတွင်း အလုပ်သစ်မရမည်ကို အလုပ်သမားအားလုံးက စိုးရိမ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါအလုပ်သမားများအရေးနှင့်ပတ်သတ်၍ NUG အစိုးရအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် ( AAC) ကိုရဲမင်းအဖွဲ့၊ LPN ဖောင်ဒေးရှင်းမှ အလုပ်သမားအရေးကူညီသူများက ထိုင်းအစိုးရအလုပ်သမားအရေးဖြေရှင်းရေးဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေသည်။
( AAC) ၏ အလုပ်သမားအရေးကူညီသူကိုရဲမင်းက“အလုပ်သမားတွေကို ထိုင်းဘက်က သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကူညီဖြေရှင်းပေးနေပါတယ်။ အလုပ်သမားတွေအလုပ်သစ်ပြန်ရဖို့နဲ့ ထိုက်သင့်တဲ့နစ်နာကြေးတွေရဖို့တွက်ကို အဆင့်ဆင့်သွားနေရပါတယ်။ ခုလက်ရှိမှာအလုပ်သမား တစ်ရာကျော်လောက်ကတော့ အလုပ်သစ်ပြန်ရဖို့အတွက် သက်ဆိုင်ရာ အေဂျင်စီတွေကချိတ်ဆက်ပေးထားပြီး အလုပ်သစ်ပြန်ရဖို့ သေချာနေပါပြီ ။ကျန်တဲ့သူတွေအရေးကိုလဲ ဆက်လုပ်နေပါတယ်” ဟုပြောသည်။
မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်ရပ်နားလိုက်သည့် ခယ်ကွန်းစက်ရုံသည် Electronic (လျှပ်စစ်ပစ္စည်း)ထုတ်လုပ်သောစက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀၀ကျော်နှင့် လည်ပတ်နေသော စက်ရုံဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အလုပ်သမားလေးသန်းခန့်ရှိပြီး အဆိုပါ အရေတွက်တွင်အထောက်အထားမရှိသည့် အလုပ်သမားများလည်းပါဝင်သည်။
မြန်မာနိုင်ငံမှ MOU ဖြင့် ငွေကြေးအမြောက်အများကုန်ကျခံကာ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ကြသည့် မြန်မာရွေ့ပြောင်းအများစုမှာ လုပ်ငန်းခွင် အခွင့်အရေးချိုးဖောက်မှုများ၊အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ကြုံနေရသည်ဟု အလုပ်သမားအရေးကူညီသူများက ပြောသည်။
ပုံစာ–ခယ်ကွန်းစက်ရုံရှိ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာ အလုပ်သမားများမြင်ကွင်း။
Photo-ပေးပို့။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3334
Website ->https://eng.thanlwinkhet.net