![]()
လစ်ဗျား စစ်ဦးစီးချုပ် Mohammed Ali Ahmed al-Haddad နှင့် ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိ လေးဦးတို့သည် ယမန်နေ့ညက တူရကီနိုင်ငံမြို့တော် အန်ကာရာအနီး ၎င်းတို့ စီးနင်းလာသည့် ပုဂ္ဂလိက ဂျက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တူရကီစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဆင့်မြင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ထရီပိုလီမြို့သို့ ပြန်လည်ထွက်ခွာစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်အမှုထမ်း သုံးဦးအပါအဝင် လေယာဉ်ပေါ်လိုက်ပါသွားသူ ရှစ်ဦးစလုံး အသက်ရှင်ကျန်ရစ်ခြင်း မရှိကြောင်း သိရသည်။
တူရကီ ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်အရ Dassault Falcon 50 အမျိုးအစား ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၀ မိနစ်တွင် အန်ကာရာမြို့ Esenboga လေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပြီး မိနစ် ၄၀ ခန့်အကြာတွင် ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လေယာဉ်မှူးသည် ရေဒါမှမပျောက်ကွယ်မီ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကို သတင်းပို့ခဲ့ပြီး အရေးပေါ်ဆင်းသက်ခွင့် တောင်းခံခဲ့ကြောင်း တူရကီတာဝန်ရှိသူများက ပြောခဲ့သည်။ Haymana ခရိုင်မှ လုံခြုံရေးကင်မရာမှတ်တမ်းများတွင် ညဘက်ကောင်းကင်ယံ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရသည်။ အပြည့်အစုံ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း ကနဦးစစ်ဆေးချက်များအရ အဖျက်အမှောင့်လုပ်ရပ် ဖြစ်နိုင်ခြေမရှိဘဲ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်သာ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု တူရကီအာဏာပိုင်များက သုံးသပ်ထားသည်။
သေဆုံးသူများထဲတွင် စစ်ဦးစီးချုပ် al-Haddad အပြင် လစ်ဗျားစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များဖြစ်သည့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Al-Fitouri Gharibil၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် Mahmoud Al-Qatawi၊ စစ်ဦးစီးချုပ်၏ အကြံပေးပုဂ္ဂိုလ် Muhammad Al-Asawi Diab၊ စစ်တပ် ဓာတ်ပုံသတင်းထောက် Muhammad Omar Ahmed Mahjoub ဆို့ပါဝင်သည်။
လစ်ဗျားဝန်ကြီးချုပ်က နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် (၃) ရက် ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း အလံများကို တိုင်တစ်ဝက်လွှင့်ထူရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ် Dbeibah က “တိုင်းပြည်အတွက် ရိုးသားမှု၊ အပ်နှံမှုတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆုံးရှုံးလိုက်ရပါပြီ” ဟု ပြောသည်။
စစ်ဦးစီးချုပ် Al-Haddad ကို နှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေသော နိုင်ငံကို ပြန်လည်စည်းလုံးစေမည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ထားကြပြီး ၎င်းသည် အင်အားကြီးမားသော လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ခြင်း၊ လစ်ဗျား အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းအကြား ကွဲပြားမှုများကို ပေါင်းကူးပေးရန် ကြိုးပမ်းခဲ့ခြင်းတို့ကြောင့် လေးစားခံရသူဖြစ်သည်။
ယခုလေယာဉ်ပျက်ကျမှုဖြစ်စဉ်သည် လစ်ဗျားတွင် တပ်စွဲထားသည့် တူရကီစစ်သားများ၏ သက်တမ်းကို နောက်ထပ် ၂ နှစ် တိုးမြှင့်ရန် တူရကီလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
#လစ်ဗျားစစ်ဦးစီးချုပ် #ထိပ်တန်းစစ်ခေါင်းဆောင်များ #လေယာဉ်ပျက်ကျသေဆုံး #နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် #ကြေညာ #ThanLwinKhetNews
