ဧပြီ ၃ ၊ ၂၀၂၃ ။
လေကြောင်းကိုအသုံးပြု၍ သာမာန်အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာသည့် စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများ ပိုမိုစုစည်းကြရန်လိုအပ်နေပြီဟုချင်းအမျိုးသားတပ်ဦးCNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
ယခုနှစ်အစပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် ချင်းပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက ထန်တလန်မြို့နယ်ခွာဖိုရွာကို စစ်ကောင်စီကတိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၌ ပြည်သူ ၈ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သောမတ်လ ၃၀ရက်၊ နံနက်၁၀ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှ ခွာဖိုရွာကို ၄ကြိမ်ဗုံးကြဲချခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ဦးနှင့် အမျိုးသား၃ဦးသေဆုံးခဲ့သည်။ ထို့ပြင်ကလေးငယ်များအပါအဝင် အမျိုးသမီး၄ဦးနှင့်အမျိုးသား၇ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည်စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး လူမျိုးသုန်းသတ်ဖြတ်ခြင်းအထိ ရည်ရွယ်ချက်ရှိရှိကျူးလွန်ခြင်းဖြစ်သောကြောင့် နိုင်ငံတကာမှအရေးယူအပြစ်ပေးကြရန်CNFက တောင်းဆိုထားသည်။
” စကစ ရဲ့ အပြစ်မဲ့ ပြည်သူအပေါ် ပစ်ခတ်သတ်ဖြတ်မှု ဟာ စစ်ရာဇဝပ်မှုကို ပြောင်ပြောင်တင်းတင်း ကျုးလွန်တဲ့လူသားမျိုးနွယ်သုဉ်းအောင် ရက်စက်တဲ့ လုပ်ရပ်ပဲ။ ဒီအတွက် ကျနော်တို့ဟာ စစ်ရေးအရ ပိုမိုစုစည်းပြီး လက်တွေ့ကျတဲ့ စစ်ရေး ဗျုဟာ နည်းဗျုဟာတွေကို ချမှတ်ပြီး အပြန်အလှန် ပံ့ပိုးဖို့ လိုပါတယ် “ဟု ဆလိုင်းထက်နီကပြောသည်။
အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်စစ်ကောင်စီကို CNF/CNA အနေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု၍တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံရေးခံယူချက်၊ဦးတည်ချက်တူညီသော တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ NUG အစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်အာဏာရှင်ကျဆုံးသည်အထိ အဆုံးတိုင်တိုက်ပွဲဝင်များမည်ဟု ဆိုသည်။
” ချင်းပြည်နယ်ကို ဝေဟင်ကော၊ကုန်းကြောင်းနဲ့ပါ တရစပ်ထိုးစစ်စဆင်နေပါတယ်။ ဒါကတော့ထားပါတော့လက်နက်ကိုင်အချင်းချင်းဆိုတော့ ရှိတဲ့အင်အားထုတ်သုံးမှာပဲ။
ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် ကလေးငယ်ပါမကျန် ရည်ရွယ်ချက်ရှိရှိ ပစ်သတ်နေတာက စစ်ရာဇဝတ်ကျူးလွန်တာအပြင် လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။
နိုင်ငံတကာကလည်း စစ်ကောင်စီလုပ်ရပ်တွေကို အရေးယူသင့်ပြီ။ဝေဟင်ကော၊ကုန်းကြောင်းကော အသားကုန်အသုံးပြုနေတဲ့ စစ်ကောင်စီဟာ တောတော်ကျရှူံးနေတဲ့အပိုင်းကိုရောက်နေပြီမို့လို့ တော်လှန်ရေးအင်အားစုတွေဟာ စည်းရုံးဖို့လိုပါတယ် “ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် ယခုနှစ်စပိုင်းမှစ၍ လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ပြီးခဲ့သော ၃လအတွင်း၌ အကြိမ်၁၅၀ ကျော်အထိရှိနေပြီဖြစ်သည်ဟု ချင်းကာကွယ်ရေးအဖွဲ့များထံမှသိရသည်။
ပုံစာ–ထန်တလန်မြို့နယ် ခွာဖိုရွာလေကြောင်းတိုက်ခိုက်ခံရမှုမှ နေအိမ်များပျက်စီးမှု။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3328
Website ->https://eng.thanlwinkhet.net