ဧပြီ ၃ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကကျေးရွာချင်းဆက်လမ်းပိုင်းများကို ဘူဒိုဇာဖြင့် တူးကော်ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စိုင်ပြင်မြို့မှ ဒီးပဲယင်းမြို့ဘက်စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ဦးခန့်ရှိစစ်ကြောင်းက လမ်းများကိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
” ဒီပဲယင်းမြို့နယ်ထဲက သူတို့ဖျက်ဆီးသွားတဲ့ လမ်းပိုင်းတွေက ၅ ခု၊ ၆ခု လောက်ရှိတယ်။ စိုင်ပြင်ကနေ ဒီပဲယင်းကျေးရွာကို ဆက်ထားတဲ့လမ်းတွေပေါ့နော် “ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါစစ်ကြောင်းသည် မတ်လ ၃၁ရက်မှ ဧပြီ၂ရက်ထိ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီးကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့်ထိတွေတိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထိုစစ်ကြောင်းသည် ကြည်ဘုရားထွက်ရွာတွင် နှစ်ညအိပ်ခဲ့ပြီး လမ်းများကိုဖျက်ဆီးခဲ့သည်ဟု ဒီပဲယင်း ဗိုလ်ကျားကြီးတပ်မှ ခေါင်းဆောင်ကပြောသည်။
” ဘုတလင်ကနေမှ စိုင်ပြင်မြို့ကိုလာတယ်ပေါ့နော်။ စိုင်ပြင်မြို့တောင်ဘက်မှာ တိုက်ပွဲဖြစ်ပြီးတော့ စိုင်ပြင်မြို့မှာနှစ်ညအိပ်တယ်။ အိပ်ပြီးတော့ စိုင်ပြင်ကနေ ဒီပဲယင်းဘက်စစ်ကြောင်းထပ်ထိုးတယ်ပေါ့နော်။ စစ်ကြောင်းထိုးပြီးတော့ လမ်းတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့တာပေါ့နော် “ဟု ဗိုလ်ကျားကြီးကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ကြည်ရွာထိပ်ရှိ လမ်းမကြီးများ၊မူးမကြီးဘောင်များကို ဘူဒိုဇာဖြင့်ဖျက်ဆီးခဲ့ပြီးကြည်ရွာစာသင်ကျောင်း၌လည်း လက်နက်ကြီးကျည်သေတ္တာခွံများကို ချန်ထားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မန်းကျီးစောက် ၊ ကျခတ်၊ ပျံကျ ၊ ရွာသစ်၊လက်တီး ၊ ယင်းတွေ၊ နှမ်းပဲလှ ၊ ရွှေဒါးကန် ၊ ကျောက်ဖျာ၊ ဝဘာ၊ သပြေသာ၊ မှန်သာ စသည့်ကျေးရွာများမှဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ပုံစာ–ဒီပဲယင်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖျက်ဆီးသွားသည့် လမ်းများ။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3325
Website ->https://eng.thanlwinkhet.net