ကောင်းချစ်အောင်
ဧပြီ ၁၊ ၂၀၂၃။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဆုသွန်းပိုင်ကိုစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နှင့်မတ်လ ၃၀ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
မဆုသွန်းပိုင်သည် အထက ၂ မရမ်းကုန်း ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသူတစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မဆုသွန်းပိုင်သည် ရန်ကုန်မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်နေသည့် ရဲဘော်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသည့်ရဲဘော်မှတစ်ဆင့် ဖုန်းဆက်ချိန်းဆို ထောင်ဖမ်းခံရခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌက သံလွင်ခက်ကိုပြောသည်။
“ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ်ကိုဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်“ဟု ၎င်းကဆိုသည်။
သတင်းကြားသိရချင်း မိဘများသည် စိတ်မကောင်းဖြစ်ကာ ငိုယိုခဲ့ပြီး သမီးဖြစ်သူကို ထောင်ထဲတွင် မနေစေချင်တော့ဘူးဟု မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
မဆုသွန်းပိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးကာ ငါးလအကြာတွင် ယခုလိုထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်သုံးလအတွင်း ရုံးထုတ်သည့်အကြိမ်ရေ ၆ကြိမ်ရှိပြီး မဆုသွန်းပိုင်သည် ကျန်းကျန်းမာမာရှိသည်ဟုနီးစပ်သူတစ်ဦးဖြစ်သည့် ကိုမှန်ကြီးက ဆိုသည်။
“ဖက်ဆစ်တပ်ကိုပိုပြီးနာကျည်းမုန်းတီးလာရတယ်ဗျ ပြီးတော့ဗျာ ၁၈နှစ်ပဲရှိသေးတဲ့မိန်းကလေးငယ်တဦးကို၃နှစ်အထိကတော့ ဒါက မတရားမှုကမ်းကုန်အောင်ပါပဲဗျ“ဟု ၎င်းကဆိုသည်။
ထို့အတူ ၂၀၂၂ စက်တင်ဘာ ၁၃ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြလူငယ်များအနက် ၁၃ဦးကိုလည်း စစ်ကောင်စီတရားရုံးက ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။