သံလွင်ခက်။
ဧပြီ ၁ ၊ ၂၀၂၃။
စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် တစ်ပတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။
ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အတွက်အခြေခံ စားသောက်ကုန်ပင် ဝယ်ယူလို့ မရနိုင်သည့် အခြေအနေဖြစ်သည်ဟု ဒီပဲယင်းမြို့နယ်စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” စားနပ်ရိက္ခာ လိုအပ်မှု ရှိလာပြီ။ စစ်ရှောင်ရတာ ရက်ကြာလာတဲ့အခါကြတော့ ကျေးရွာတွေမှာလည်းအစားသောက်ဝယ်မရ၊ လမ်းတွေကလည်း စစ်ကြောင်းရှိတော့ ကားအသွားလာတွေမရှိတဲ့အခါ ဆန်၊ဆီ၊ဆားအခြေခံ အစားစာကို မရနိုင်ဘဲဖြစ်နေတာ “ဟု ဆိုသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်တွင် ဘုတလင်မြို့မှ ထွက်လာသည့် မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နမခ ) မှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် စိုင်ပြင်မြို့မှတစ်ဆင့် စိုင်ပြင် – ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်း စိုင်ပြင်၊ ဂွေးပင်ကုန်း၊ ရွှေဒါးကန်၊ကျောက်ဖျာ၊ မကြီးစောက်၊ ကျခတ်၊ ပျံကျ၊ ကြည်၊ ဘုရားထွက် စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာရှိ ဒေသခံများက ကူညီဖေးမ မှုများရှိသော်လည်း ရေရှည်တွင် စားသောက်ရေး၌ အခက်ခဲရှိနိုင်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးတိမ်းရှောင်နေရသူ တစ်ဦးက ” ပြေးရတုန်းက ယူလာတဲ့အစားစာကလည်း ကုန်ပြီ။ ကျေးရွာက သူတွေထောက်ပံ့တာ ကျွေးတာရှိပေမယ့် တစ်ပတ် ပြည့်ပြီဆိုတော့ သူတို့လည်း ထောက်ပံ့တာ ကျွေးနိုင်တာကလည်းကုန်လာတဲ့အခါကြတော့ စားသောက်ရေးမှာ အခက်ခဲရှိတာပေါ့ “ဟု ဆိုသည်။
ထို့ပြင် ယမန့်နေ့ မတ်လ ၃၁ ရက် ညနေ ၅ နာရီတွင် စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ကျည် ၊ ဘုရားထွက် ၊ ပျံကျစသည့် ကျေးရွာများကို ပစ်ခတ်မှုများ ရှိခဲ့ရာ အနီးနားရှိ စစ်ဘေးရှောင်ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ပုံစာ – စစ်ဘေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများမှ ဒေသခံပြည်သူများမြင်ကွင်း။
Photo – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး။