သံလွင်ခက်။
ဧပြီ ၁ ၊ ၂၀၂၂။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးနှင့် မြို့နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
မတ်လ ၃၁ ရက် ည ၁၁ နာရီကျော်အချိန် တွင် အဆိုပါရုံးနှစ်ရုံး ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက ” ညက ဒရုန်းနဲ့ လာချသွားတာ။ ထွေအုပ်ရုံးက အုပ်ချုပ်ရေးမှူး အခန်းတည့်တည့်ဘဲကျတာ နောက်တစ်လုံးကတော့ ရုံးနှစ်ရုံးကြားကို ကျတယ် ” ဟုဆိုသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် အဆောက်ဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိဟု ဒေသခံများထံက သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည့်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။