သံလွင်ခက်
ဧပြီ ၁၊ ၂၀၂၃။
ကချင်ပြည်နယ်၊ မံစီမြိုနယ်ရှိ သံတံတားကျေးရွာတွင် မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခြေလျင်တပ်ရင်း ခလရ (၄၇) တပ်ဖွဲ့ဝင်များနှင့် မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၂၂၃) တပ်ဖွဲ့ဝင်များသည် အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သံတံတားကျေးရွာ၏ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲစဉ် KIA ၏ တပ်ရင်း ၁၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇တို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
မတ်လ ၃၀ ရက်၊ နံနက် ၆ နာရီခန့်မှ ၁၁ နာရီခန့်ထိ ၅ နာရီခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၏ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းများ တွေ့ရှိခဲ့သည်ဟု အခြားရှေ့သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ထပ်မံအတည်ပြု ပြောဆိုသည်။
“တိုက်ပွဲဖြစ်နေစဉ် မျက်မြင်တွေ့တာတော့ သုံးယောက်ဟုတ်တယ်။ အတိအကျတော့ မသိရဘူး။ သူတို့ဘက်က ထိတာများတယ်ထင်တယ်။အထိနာလို့ လေကြောင်းကလည်း ရောက်လာတယ်” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ရှေ့တန်းနှင့်အနီးဆုံးတွင် ရှိနေသူများကပြောသည်။
ဂျေခမ်းကျေးရွာရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၂၈) ကလည်း တိုက်ပွဲဖြစ်ပွားရာ သံတံတားကျေးရွာသို့လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသတွင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
မံစီမြို့နယ်တွင် KIA တပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး KIA ရဲဘော်တစ်ဦးလည်း တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဟု ရှေ့တန်းရှိရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် သံတံတားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန်သာကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု ၎င်းက ဆက်ပြောသည်။
ဗန်းမော်ခရိုင်၊ မံစီမြို့နယ် သံတားကျေးရွာသည် အိမ်ထောင်စု ၇၀ ကျော်ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး တိုက်ပွဲများကြောင့် အိမ်ထောင်စု ၂၀ ခန့်မှာ ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်းရှောင်နေရသည်။
ပုံစာ–ရှေ့တန်းရောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များမြင်ကွင်း။(ပုံဟောင်း)
Photo-Crd