ကောင်းချစ်အောင်
မတ် ၃၀၊ ၂၀၂၃။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အနေဖြင့် ၄င်းတို့ဖန်တီးထားသော ကျပ်တည်းသည့်အခြေအနေကို ဖြေရှင်း၍ မရနိုင်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ကို ဖျက်သိမ်းသည်ဟု စစ်ကောင်စီလက်ဝေခံ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်ဖွဲ့စည်းပြီးသား နိုင်ငံရေးပါတီများကိုဖျက်သိမ်းခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီက ယမန်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။
စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် ၄င်းတို့အားဆန့်ကျင်မှုများအား အကြောက်တရားသွင်း၍ ဖိနှိပ်ရန်အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကိုဗြိတိန်အစိုးရကပြစ်တင်ရှုတ်ချသည်။
ထို့ပြင် အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးနိုင်ရန် ဗြိတိန်အစိုးရအနေဖြင့် စစ်အုပ်စုကို ဆက်လက်ဖိအားပေးသွားမည်ဟု ဆိုသည်။
ထို့အပြင် ငြိမ်းချမ်း၍အားလုံးပါဝင်နိုင်သည့် အနာဂတ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုနှင့် ၄င်းတို့၏ ရည်မှန်းချက်များနှင့်အတူ ရပ်တည်ကြောင်း ထပ်လောင်းပြောကြားထားသည်။
ဗြိတိန်နိုင်ငံသည် မြန်မာစစ်အုပ်စုနှင့် ဆက်စပ်နေသည့် စီးပွားရေးကုမ္ပဏီများအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ၁၅ကြိမ်တိတိ ချမှတ်ခဲ့ပြီးဖြစ်သည်။