![]()
သံလွင်ခက်/ဧပြီ ၁၂။ ဓာတ်ပုံ – KNU
ကေအဲန်ယူ-ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်က ၈ ရက်အတွင်း လေကြောင်းမှ ၂၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း KNU က အသိပေးသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကော်မရှင်သည် ဘီးလင်းမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ တရစပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ဂျက်လေယာဉ်များဖြင့် ၂၆ ကြိမ် ဗုံးကြဲချခဲ့သည့်အပြင်၊ အော်လီဂန်း (စက်အမြောက်) များဖြင့်လည်း ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခုလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်၊ မြစ်ကျိုးနှင့် မင်းစော ကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း ၁၃ ရွာ ထိခိုက်ခဲ့သည်။

အဆိုပါ ကျေးရွာများမှ အိမ်ခြေ ၂,၂၅၄ အိမ်၊ လူဦးရေ စုစုပေါင်း ၁၃,၀၂၆ ဦးတို့သည် အသက်ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာ လုံခြုံသည့် နေရာများသို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။
ထိုသို့ အရပ်သားနယ်မြေများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဒေသခံများ၏ လုံခြုံရေးမှာ အထူးစိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု KNU က သတိပေးထားသည်။
ဘီးလင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများသည် ရုတ်တရက် ကျရောက်လာသော လေကြောင်းအန္တရာယ်ကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုသို့ မြေပြင်အခြေအနေ ရှုပ်ထွေးနေမှုကြောင့် လက်ရှိတွင် ၎င်းတို့အတွက် လုံခြုံစိတ်ချရသော ယာယီအမိုးအကာနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေသကဲ့သို့၊ အခြေခံစားနပ်ရိက္ခာနှင့် သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။
ထို့ပြင် စစ်ရှောင်စခန်းများအတွင်း ပြည့်ကျပ်စွာ နေထိုင်နေရခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအတွက်လည်း အရေးပေါ်ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများမှာ အချိန်နှင့်တပြေးညီ အထူးလိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်ကော်မရှင်၏ ယခုလုပ်ရပ်သည် အရပ်သားများအပေါ် ပစ်မှတ်ထားသော တိုက်ခိုက်မှုဖြစ်ပြီး ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိကြောင်း KNU က သုံးသပ်ထားသည်။
#ဘီးလင်းစစ်ရှောင်#ThanLwinKhetNews
