![]()
သံလွင်ခက်/ဧပြီ ၁၂။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ခမရ ၂၊ တပ်မ ၄၄ အခြေစိုက် အရေးပါသော လေးကေစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု နည်းဗျူဟာ ၃၇ အထူးတိုင်းစစ်ဌာနမှ သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၇ မှ နည်းဗျူဟာမှူး စထွန်းဇော်က ဦးစီးခဲ့သည်။ ၎င်းနှင့်အတူ KNLA တပ်ဖွဲ့များ၊ နဂါးဖြူတပ်ရင်း၊ Rangoon Warriors တပ်ရင်း၊ SOF တပ်ရင်း၊ BPLA နှင့် အခြားမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံ – နည်းဗျူဟာ-၃၇ – အထူးတိုင်းစစ်ဌာန
ယခုသိမ်းပိုက်နိုင်ခဲ့သည့် လေးကေစခန်းကုန်းသည် ဒေသတွင်း စစ်ရေးအရ အချက်အချာကျသော နေရာတစ်ခုဖြစ်သည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ၎င်းတို့ထံမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
လေးကေစခန်းသိမ်းတိုက်ပွဲကို ဧပြီလ အစောပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးကေစခန်းနှင့်အတူ ဝင်းတာပန်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၂ ရက်မှ ၉ ရက်အထိ စစ်ကော်မရှင်ဘက်မှ ဘီးလင်းမြို့နယ်အတွင်းရှိ အရပ်သားနေထိုင်ရာ နေရာများကို လေကြောင်းမှ ၂၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဒေသခံပြည်သူ ၁၃,၀၀၀ ကျော်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ထုတ်ပြန်ထားသည်။
#လေးကေစခန်းကုန်း #စခန်းကုန်းသိမ်းတိုက်ပွဲ #နည်းဗျူဟာ-၃၇ – အထူးတိုင်းစစ်ဌာန #ThanLwinKhetNews